Home
မြန်မာသတင်း
ကယားဝန်ကြီးချုပ်ဟောင်းကို စုံစမ်းစစ်ဆေးရန် အဂတိတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြား
DVB
·
September 15, 2020
ပြည်သူ့ဘဏ္ဍာသုံးစွဲမှုနဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို ကို  စုံစမ်းစစ်ဆေးပေးဖို့  ဖရူဆိုမြို့နယ်အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆီကို တိုင်ကြားလိုက်ပါတယ်။ အဲဒီတိုင်ကြားစာမှာ ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ဝယ်ယူထားတဲ့ စက်ယန္တရားငှားရမ်းခရငွေ တွေကို  နိုင်ငံတော်ဘတ်ဂျက်သို့ ပေးသွင်းခြင်းမရှိဘဲ လက်ဝယ်ကိုင်တွယ်ပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက်သုံးစွဲခြင်းနဲ့ ဒေသဖွံ့ဖြိုးရေးအကြောင်းပြကာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ ဖောက်ဖျက်ပြီး အဂတိလိုက်စားဆောင်ရွက်နေတဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာ တာဝန်ရှိ အဆင့်ဆင့်တို့ကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ တိုင်ကြားထားတာ ဖြစ်ပါတယ်။ တိုင်ကြားသူ ဦးသဲရယ်က “အဓိက ကျနော်တို့က သူ့ရဲ့ပုဂ္ဂိုလ်ရေးအရ ကျနော်တို့ လုပ်နေတာမဟုတ်ဘူး။ ကျနော်တို့က ပြည်နယ်ရန်ပုံငွေကို ဒီလိုအလွဲသုံးစားတာလုပ်တယ်၊ နောက်ပြီး ကျနော်တို့ ပြည်နယ် public ဧရိယာတွေကို သူအကောင်အထည်ဖော်တဲ့အပေါ်မှာ ကတော့ ဒါဥဒေအရ ချိုးဖောက်မှုရှိနေတဲ့အခါကျတော့ သက်ဆိုင်ရာကနေပြီးတော့မှ အရေးယူ ဆောင်ရွက်ပေးဖို့ လိုတယ်။ သို့မဟုတ် ဒီလိုပဲ ဆက်ထားမယ်ဆိုရင် နောက်တက်လာမယ့် အစိုးရတွေ၊ နောက်တက်လာမယ့်လူတွေလည်း ဒီလိုပဲ ဆက်လုပ်မှာပဲ။ ” ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို သုံးစွဲထားတဲ့ ငွေကျပ်သိန်းပေါင်း ၅၀၀၀ လောက် ရှိတယ်လို့ သူ့အနေနဲ့ သိရှိရပြီး ဒီထက်မကများနိုင်တယ်လို့လည်း ဦးသဲရယ်က  ပြောပါတယ်။ “ကျနော်တို့ သိရသလောက်ဆိုရင် သိန်းပေါင်း ၅၀၀၀ ဝန်းကျင်လောက်ရှိတယ်။ ဒီထက် လည်း ရှိနိုင်သေးတာပေါ့နော်။ တခြားစာရင်းဖျောက်ထားတဲ့ဟာတွေလည်း အများကြီးရှိနိုင်သေး တယ်။ ဒါတွေကလည်း ကျနော်တို့ မသိနိုင်တဲ့ဟာတွေ၊ လက်ရှိကျနော်တို့သိတာကတော့ သိန်းပေါင်း ၅၀၀၀ ဝန်းကျင်လောက် တွေ့ရပါတယ်။ ဒီလောက်များတဲ့ငွေကြေးကို ဒီတိုင်းလွှတ်ထားမယ်ဆိုလို့ ရှိရင်လည်း ဒီလိုကိစ္စမျိုးကို လွှတ်ထားတဲ့လူတွေလည်းသူတို့မှာ အဂတိလိုက်စား၊ အဂတိမြောက်တယ်လို့ ကျနော်တို့ စွပ်စွဲလို့ ရတယ်ပေါ့နော်။ ” ဒီတိုင်ကြားစာနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တစုံတရာ အကြောင်းပြန်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ တိုင်စာရောက်မရောက်  ကော်မရှင်ရဲ့ဥပဒေအရ ပြောလို့မရကြောင်းနဲ့ တိုင်စာတခုရောက်ရင် စာရင်းသွင်းစိစစ်တာနဲ့ဆို ၂ ပတ် ၃ ခန့်ကြာနိုင်ကြောင်း  ကော်မရှင်ပြောခွင့်ရသူ ဦးကျော်စိုးက ပြောပါတယ်။ “ပေးပို့တဲ့တိုင်ကြားစာရဲ့ အတိမ်အနက်ပေါ်မှာမူတည်ပြီးတော့မှ တချို့ကိစ္စတွေမှာလည်း တိုင်ကြားစာပေါ်မှာ တိုင်ကြားတဲ့သူကိုလည်းကျနော်က ခေါ်ပြီးမေးမြန်းတယ်၊ စစ်ဆေးရတယ်။ ပြီးတော့ ဖော်ညွှန်းတဲ့ သက်သေတွေလည်း ခေါ်ယူပြီးမှ စစ်ဆေးရတယ်။ သူတင်ပြတဲ့ စာရွက် စာတမ်း သက်သေတွေလည်း ကျနော်တို့ ရှာဖွေပြီးတော့မှ ကျနော်တို့ စစ်ဆေးကြည့်ရှုရတယ်။ တချို့ကိစ္စက သက်သေတွေအဝေးရောက်နေတဲ့အတွက် သူပြန်လာတဲ့အချိန်ထိ ကျနော်တို့ စောင့်ဆိုင်းရတဲ့ကိစ္စတွေရှိပါတယ်။ တိုင်ကြားစာတဦးတည်းကနေ  ကျနော်တို့ ခေါ်ယူမေးမြန်းတာ မဟုတ်ပါဘူး။ တိုင်ကြားခံရသူလည်း ကျနော်တို့ ခေါ်ယူမေးမြန်းစစ်ဆေးပါတယ်။ တိုင်ကြား ခံရသူကနေပြီးမှ တင်ပြတဲ့သက်သေတွေ၊ စာရွက်စာတမ်း အထောက်အထားတွေကို ကြည့်ရ ပါတယ်။ ဒီလိုမျိုး ကိစ္စရပ်တွေကို အမြန်ဆုံးနည်းလမ်းနဲ့ဆောင်ရွက်ရပါတယ်။ ခန်းမှန်းခြေ ကတော့ နှစ်ပတ်၊ သုံးပတ်၊ တချို့ကိစ္စရပ်တွေမှာတော့ မြန်တဲ့ကိစ္စဆိုလို့ရှိရင်တော့ နှစ်ပတ်သုံးပတ်လောက် အတွင်းမှာ ကျနော်တို့ ပြီးပြတ်တဲ့ကိစ္စတွေရှိပါတယ်။ ” ကယားပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ တိုင်စာပစ်စာ လေ့လာစမ်းစစ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမြင့်မောင်ကတော့  စက်ယန္တရားကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ်ကတည်းက ပြည်သူ့ငွေစာရင်းကော်မီတီက လွှတ်တော်ကိုယ်စားလှယ် ၃ ဦးဖြစ်တဲ့ ဦးသိန်းအောင်၊ ဦးအောင်နိုင်ဦးနဲ့ ဦးခင်မောင်ထွန်းတို့က လက်မှတ်ထိုးပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခဲ့ဖူးတယ်လို့ ပြောပါတယ်။ ဒါ့ပေမဲ့ ဒီဖြစ်စဉ်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥပဒေ မပြင်ဆင်ခင်ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်ဖြစ်တဲ့အတွက် ဌာနအတွင်း အရေးယူဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ်လို့ဆိုပြီး စာပြန်ခဲ့ကြောင်း ပြောပါတယ်။ ဒါ့အပြင် စက်ယန္တရားကိစ္စနဲ့သတ်ပတ်သက်လို့ စာရင်းစစ်ချုပ်အစီရင်ခံစာအပေါ်မူတည်ပြီး လွှတ်တော်ဥက္ကဋ္ဌက ဒီကိစ္စစုံစမ်းစစ်ဆေးပေးဖို့ ၂၀၁၉ ဒီဇင်ဘာလကစပြီးတာဝန်ပေးချက်အရ စုံစမ်းစစ် ဆေးခဲ့ပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ၊ နိုင်ငံတော်သမ္မတနဲ့ သမ္မတရုံးဝန်ကြီးထံ ပေးပို့ခဲ့ပေမယ့် အရေးယူတာ မရှိခဲ့ဘူးလို့လည်း ဦးမြင့်မောင်က ပြောပါတယ်။ “၂၀၁၉ ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး ကျနော်တို့ စစ်ဆေးကြားနာတယ်။ ကွင်းဆင်းတယ်။ ရုံးလုပ်ငန်းတွေဆောင်ရွက်ပြီးတော့ ၁၀၊ ၁ လ၊ ၂၀၂၀ ရက်နေ့မှာပဲ ကျနော်တို့ နေပြည်တော်အဂတိ တိုက်ဖျက်ရေးကော်မရှင်ရယ်၊ နိုင်ငံတော်သမ္မတရယ်၊ သမ္မတရုံးဝန်ကြီး ဦးအောင်သူရယ်၊ ပါတီဘက်ကို  ကျနော်တို့တိုင်စာတွေ၊ စစ်ဆေးတွေ့ရှိချက်တွေကို ကျနော်တို့ပို့ပါတယ်။ ဒါပေမဲ့ ကျနော့်ဆီကို by name နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကနေပြီးတော့ ၁၈ ရက် ၂ လ ၂၀၂၀ ရက်နေ့မှာ ဒီဟာက အဂတိ ဥပဒေ မပြင်ဆင်ကတည်းက ပေါ်ပေါက်ခဲ့တဲ့ကိစ္စမို့လို့ ဒါဌာနတွင်းကပဲ စစ်ဆေးအရေးယူရမယ်ဆိုပြီးတော့ စာပြန်လာပါတယ်။ ” စက်ယန္တရားကိစ္စနဲ့ပတ်သက်ပြီးတွေ အုပ်ချုပ်ရေးပိုင်းမှာပါဝင်သူတွေက ပါဝင်ပတ်သက်နေ ကြောင်းလည်း ပြောပါတယ်။ “အမှန်တော့ ဒီကိစ္စက အစိုးရတဖွဲ့တည်း လုပ်တာမဟုတ်ပါဘူး။ အစိုးရအဖွဲ့မှာပါဝင်နေတဲ့၊ အုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်နေတဲ့လူအားလုံး ဒီလုပ်ငန်းကြီးကို ကျူးလွန်နေတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ၂၀၁၅-၂၀၁၆ တုန်းက ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေနဲ့ဝယ်ခဲ့တယ်။ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာပဲ ဒီအစိုးရရဲ့ စက်ယန္တရား စာရင်းက နေဖျောက်ပစ်တယ်။ ၁၇-၁၈ အထိဖျောက်တယ်။ နှစ်နှစ်ဆက်တိုက် ရည်ရွယ်ချက်ရှိရှိနဲ့ ဒီစာရင်းတွေကိုဖျောက်ခဲ့တယ်။ လွှတ်တော်က မေးခွန်းတွေမေး၊ အဆိုတွေမေးမှ ၂၀၁၈ ကျမှ စာရင်းကို ပြန်ထည့်တာဖြစ်ပါတယ်။ နောက်တချက် ဒီစက်ယန္တရားတွေဝယ်ယူတာကလည်း လိုင်စင်မဲ့တွေဝယ်ယူတာပါ။ ဒါကြောင့်မို့ ဒါဟာ စတင်ကတည်းက ရဉ်ရွယ်ချက်ရှိရှိဆောင်ရွက်တာဖြစ်ပါတယ်။ ပြီးတော့လည်း ရလာတဲ့ငွေတွေကို ပြည်သူ့ဘဏ္ဍာထဲ မထည့်ဘဲနဲ့ တခြားသော ရန်ပုံငွေတွေနဲ့ရောပြီးတော့ စိတ်ကြိုက်သုံးခဲ့ပါတယ်။ ” ဒါ့အပြင် စက်ယန္တရား မဝယ်ခင်ကတည်းက ပြင်ဆင်စရိတ်ကို ထုတ်သုံးထားကြောင်းလည်း ဦးမြင့်မောင်က ပြောပါတယ်။ “ဒီစက်ယန္တရား မဝယ်ခင်ကတည်းက ဒီစက်ယန္တရား ပြင်ဆင်စရိတ်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာလည်း ထုတ်သုံးထားတယ်။ ၂၀၁၆-၂-၁၇ ဘဏ္ဍာရေးနှစ်မှာလည်း ထုတ်သုံးထား တယ်။ စက်ယန္တရား ငှားရမ်းတဲ့ စာချုပ်တွေမှာကျတော့ ဒီငှားရမ်းတဲ့သူတွေက ဒီစက်ယန္တရားတွေကို ပြင်ဆင်ပေးရမယ်ဆိုပြီးတော့ စာချုပ်မှာ ပါတယ်။ သူတို့ကိုခေါ်ယူစစ်ဆေးတဲ့အချိန်မှာလည်း သူတို့ပဲ ပြင်ဆင်ခဲ့ရတာပါတယ်။ ဒါပေမဲ့ အခုနက ပြောတဲ့ ဘဏ္ဍာရေးနှစ်တွေမှာကျတော့ ပြင်ဆင်စရိတ်တွေ ထုတ်ထားတယ်။ စာရင်းစစ်မှာပါတဲ့ လမ်းဦးစီးက ဘက်ဟိုး ၂ စီးဆိုရင် လမ်းဦးစီးကို စစ်တဲ့အခါမှာ သူတို့ဝယ်ထားတာလည်းမရှိဘူး၊ သူတို့လွှဲပြောင်းထားတာလည်းမရှိဘူး။ အစိုးရက သူတို့ဆီမှာလာထားပေးပြီး သူတို့က အစိုးရခိုင်းတဲ့အတိုင်း မောင်းပေးရတာပဲရှိတယ်။ အဲဒီမှာ သိန်း ၅၅၀ဆိုပြီးဖော်ပြထား။ အဲဒီသိန်း ၅၅၀ ကို လမ်းဦးစီးက သူတို့မရခဲ့ပါဘူးလို့ ပြောတယ်။ သူတို့ဆီက စာရင်းဇယားတွေကို လှမ်းတောင်းတဲ့ခါမှာလည်း မပေးဘူးပြောတယ်။ ကျနော်တို့မေးကြည့်တဲ့အခါမှာတော့အစိုးရက လာပြီးသိမ်းသွားတယ်လို့ ပြောပါတယ်။  ” ဒီလိုထုတ်ဖော်ရတာဟာလည်း သန့်ရှင်းတဲ့အစိုးရတရပ်ဖြစ်ဖို့နဲ့ ပြည်သူတွေလိုလားတဲ့ အစိုးရဖြစ်ဖို့ အခုလို ဖော်ထုတ်ရတာဖြစ်ကြောင်းနဲ့  ပါဝင်ပတ်သက်သူအားလုံးကို အရေးယူနိုင်ဖို့ လုပ်ဆောင်တာဖြစ်သလို နောင်တက်လာမယ့်အစိုးရလည်း ဒီအဂတိနဲ့ မကင်းအောင်လုပ်ဆောင် တာမျိုး မဖြစ်စေချင်ကြောင်း ဦးမြင့်မောင်က ပြောပါတယ် စက်ယန္တရားငှားရမ်းခမှာ ၂၀၁၆ ဧပြီလကနေ  ၂၀၁၈ မေလဆန်းပိုင်းအထိ စက်ငှားရမ်းခနဲ့  အခြားရငွေ ကျပ်သိန်း  ၅,၆၇၃ ကျော်ရရှိရာ သုံးစွဲငွေ သိန်း  ၄,၈၅၁ ကျော်ရှိခဲ့တဲ့ အနက် ကျပ်သိန်း ၃၇၇ ကျော်ကို ကိုယ်ရေးကိုယ်တာအတွက်နဲ့  ၁၃ သိန်းကျော်ကို ပါတီအရေးကိစ္စအတွက် သုံးစွဲခဲ့ကြောင်း စာရင်းစစ်ချုပ်ရဲ့အစီရင်ခံစာအရ သိရပါတယ်။ အဲဒီအသုံးစရိတ်ထဲက ၂၀၁၆ အတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ သမီးမင်္ဂလာဆောင်အတွက် ငွေကျပ် ၂ သိန်း၊ အန်အယ်လ်ဒီ ပါတီပုံမှန်အစည်းအဝေး တစ်ခုအတွက် သုံးစွဲငွေ ကျပ် ၁၀ သိန်း၊ ဦးထွန်းကျော်ဆိုသူရဲ့ သားမင်္ဂလာဆောင်အတွက် လက်ဖွဲ့ငွေကျပ်  ၅၀၀၀၀ အပါအဝင် တခြားကိုယ်ရေးကိုယ်တာနဲ့ ပါတီလုပ်ငန်းတွေအတွက် ပြည်နယ်ရန်ပုံငွေမှ သုံးထားကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။  ဒါ့အပြင် အဆိုပါ စက်ယန္တရားတွေကို ပြင်ဆင် ထိန်းသိမ်းစရိတ်အတွက် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေရဲ့ ငွေလုံးငွေရင်းအသုံးစရိတ် စက်ကိရိယာတန်ဆာပလာငွေစာရင်း ခေါင်းစဉ် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကျပ်သန်း ၅၀ သုံးစွဲထားသလို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာလည်း ကျပ်သန်း ၄၀ ခဲ့ကြောင်းလည်း  ပြည်နယ်စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရပါတယ်။ စက်ယန္တရားကြီးတွေကို ငှားရမ်းပြီးသုံးစွဲခဲ့မှုနဲ့ ကယားဒေးကွင်းမြေနေရာ ငှားရမ်းသုံးစွဲခဲ့မှု ကိစ္စတွေနဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လေးပုံတစ်ပုံက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၃  (က) အရ စွပ်စွဲပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။  ဒီစွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပေးပြီး စုံစမ်စစ်ဆေးခဲ့ရာ ပြည်နယ်လွှတ်တော်ရုံး၊ စာရင်းစစ်ချုပ်ရုံး၊ ရသုံးမှန်းခြေငွေစာရင်းစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေကို ခေါ်ယူမေးမြန်းပြီး သက်ဆိုင်ရာ စာရွက်စာတမ်းအထောက်အထားကို တောင်းယူခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို စစ်ဆေးတွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး ချေပနိုင်ရေး ၄ ကြိမ်တိုင်တိုင် ဖိတ်ကြားခဲ့ပေမယ့်  လာရောက်ခြင်းမရှိဘဲ ကိုယ်စားလှယ်စေလွှတ်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်နဲ့သုံးသပ်ချက်ပါ အစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံသူ ၁၆ မဲ၊ ကန့်ကွက်သူ ၄ မဲရရှိခဲ့တဲ့အတွက် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တင်တဲ့အဆိုကို  လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတထံပေးပို့ပြီး သမ္မတကလည်း  ဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်ဆိုင်းခဲ့ပါတယ်။ ဦးအယ်လ်ဖောင်းရှိုကတော့ ဥပဒေစည်းမျဉ်းစည်းကမ်း မူဝါဒတွေနဲ့အညီ စီမံအုပ်ချုပ်ခဲ့တဲ့အကြောင်းနဲ့ သူ့ကိုစွပ်စွဲထားတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ရှင်းပြခဲ့ပြီး ဖြစ်တဲ့အကြောင်း ပြောထားပါတယ်။  ဦးအယ်လ်ဖောင်းရှိုဟာ ဝန်ကြီးချုပ်တာဝန်ကနေ  ဖယ်ရှားခံခဲ့ရပေမယ့် ဥပဒေအရ ပြည်နယ်လွှတ်တော် အမတ်တစ်ဦးအဖြစ်ဆက်ရှိမှာဖြစ်တဲ့အပြင် လာမယ့် ရွေးကောက်ပွဲမှာ မယ်စဲ မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကနေ အန်အယ်လ်ဒီကို ကိုယ်စားပြုပြီး ပြည်နယ်လွှတ်တော် အတွက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024