ကိုဗစ်-၁၉ လူနာ ၂၁၄ ဦး စစ်တွေဆေးရုံမှဆင်း၊ ပိုးတွေ့လူနာ ၁ ဦးသေဆုံး
DVB
·
September 15, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံမှာ စက်တင်ဘာ ၅ ရက်မှ ၁၄ ရက်အထိ ကိုဗစ်-၁၉ လူနာ ၂၁၄ ဦးအထိ ဆေးရုံမှ ဆင်းခွင့်ရထားတယ်လို့ စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ရောဂါအခံရှိတဲ့ အသက် ၇၅ နှစ်အရွယ် ပိုးတွေ့လူနာ ၁ ဦးကတော့ စက်တင်ဘာ ၁၃ ရက် ညနေ ၆ နာရီမှာ သေဆုံးသွားတယ်လို့လည်း ပြောပါတယ်။
သေဆုံးသွားတဲ့ လူနာ (Case-2463)ဟာ သွေးတိုး ရောဂါအခံရှိပြီး လေဖြတ်ရောဂါကို ၈ နှစ်ကြာ ခံစားနေရသူဖြစ်ကာ ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်တာကြောင့် ရုတ်တရက် ဦးနှောက်သွေးကြောပိတ်ပြီး ထပ်မံလေဖြတ်ခြင်းရောဂါနဲ့ သေဆုံးသွားခဲ့တာလို့ ကျန်းမာရေး ဌာနက ထုတ်ပြန်ထားပါတယ်။
စစ်တွေဆေးရုံမှာ ကိုဗစ်ရောဂါပျောက်ကင်းသူ စက်တင်ဘာ ၅ ရက်နေ့က ၁၀ ဦး၊ စက်တင်ဘာ ၆ ရက်က ၃ ဦး၊ စက်တင်ဘာ ၈ ရက်က ၆၄ ဦး၊ စက်တင်ဘာ ၉ ရက်က ၃၃ ဦး၊ စက်တင်ဘာ ၁၀ ရက်က ၁၈ ဦး၊ စက်တင်ဘာ ၁၁ ရက်က ၃၅ ဦး၊ စက်တင်ဘာ ၁၂ ရက်နေ့က ၈ ဦး၊ စက်တင်ဘာ ၁၃ ရက်က ၅ ဦး၊ စက်တင်ဘာလ ၁၄ ရက်က ၃၈ ဦး၊ စုစုပေါင်း ၂၁၄ ဦး ဆေးရုံမှ အသီးသီးဆင်းခွင့်ရရှိခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိ ခုတင် ၅၀၀ ဆံ့ စစ်တွေဆေးရုံကြီးမှာ စက်တင်ဘာလ ၁၄ ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၈၁ ဦးကျန်ရှိနေပြီး ပြီးခဲ့တဲ့နှစ်ပတ်လောက်ကလောက် အခက်အခဲ မရှိတော့ဘူးလို့ ဒေါက်တာဇော်လွင်ဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကလောက် အခက်အခဲမရှိတော့ဘူး။ အရင်က နေရာအခက်အခဲ ရှိတယ်။ ဝန်ထမ်းအခက်အခဲ ရှိခဲ့တယ်။ အခုက နေရာတွေလည်း ပြင်ဆင်ပြီးပြီ။ ဒီက ဝန်ထမ်းတွေရော volunteer ဝန်ထမ်းတွေရော အဆင်ပြေတယ်။ အခု စက်တင်ဘာ ၅ ရက်နေ့ကနေ ဒီနေ့အထိ စစ်တွေဆေးရုံမှာ လူနာတိုးလာတာက ၉၆ ဦးရှိတယ်။ ပေးဆင်းတာက ၂၁၄ ဦးဆိုတော့ လက်ကျန် ၁၈၁ ပဲ ကျန်နေတဲ့အတွက် ဆရာတို့အနေနဲ နိုင်နိုင်နင်းနင်း ကုသပေးနိုင်ခဲ့ပြီး အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့ပြီး ထိန်းချုပ်နိုင်ခဲ့ပြီလို့ ပြောလို့ရပါတယ်။”
ဆေးရုံဆင်းခွင့်ရသူတွေဟာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါလက္ခဏာမပြဘဲ ဆေးရုံမှာ ၁၄ ရက် ဆေးကုသမှုခံယူပြီးတဲ့ လူနာတွေဖြစ်ပြီး သူတို့ကို Home Quarantine ၁၄ ရက် ဆက်ထားရှိသွားမှာဖြစ်ပါတယ်။
ရခိုင်တပြည်နယ်လုံးရှိ မြို့နယ်အသီးသီးမှာ ဆေးရုံဆင်းခွင့်ရရှိသူ စက်တင်ဘာ ၁၄ ရက်နေ့အထိ လူနာစုစုပေါင်း ၃၂၂ ဦးရှိပြီး အတည်ပြုလူနာ စုစုပေါင်း ၃၃၇ ဦး ကျန်ရှိနေပါတယ်။
သတင်း- လင်းလက်