ရန်ကုန်မှလာသည့် ကုန်တင်ကားများကို မကွေးမြို့တွင်း ဝင်ခွင့်မပြု
DVB
·
September 14, 2020
မကွေးမြို့မှာ ရန်ကုန်ကနေ ဝင်လာမယ့်ကုန်ကားတွေကို မြို့ထဲ အဝင်မခံဘဲ ယာယီ ယာဉ်ရပ်နားစခန်းမှာပဲ ကုန်တင်ကုန်ချခွင့်ပြုပေးနေတယ်လို့ မကွေးမြို့နယ် ပုဂ္ဂလိက လုပ်ငန်းသုံး မော်တော်ယာဉ်များ ကြီးကြပ်မှုကော်မတီကနေ သိရပါတယ်။
မကွေးမြို့ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံးမော်တော်ယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုးက "ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနှုန်းမြင့်တဲ့နေတာကြောင့် အဲဒီကနေ ဝင်လာတဲ့ ကုန်တင်ကားတွေကို မကွေးမြို့ထဲကို ဝင်ခွင့်မပေးဘဲ မကြီးကန်ကျေးရွာ အထက-ခွဲမှာ ယာယီဖွင့်လှစ်ပေးထားတဲ့ ယာဉ်ရပ်နားစခန်းမှာသာ ကုန်တင်ကုန်ချပြုလုပ်ရမှာ ဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်လိုက်တွေကို အဆောင်တစ်ခုမှာ သီးခြားထားရှိ ပြီးတော့ Quarantine ဝင်မယ့်သူတွေကို ပညာရေးကောလိပ်သို့ ပို့ဆောင်ပေးမှာဖြစ်ကာ ၁၄ ရက် Quarantine ဝင်ပြီးမှ မြို့ထဲကို ဝင်ခွင့်ပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။
ကုန်စည်စီးဆင်မှု မရပ်တန့်အောင်အတွက်ကုန်ပစ္စည်းတွေကိုတော့ မြို့ထဲကို ခေါက်တို ယာဉ်မောင်းနဲ့ ခေါက်တို ကားတွေနဲ့ လိုက်လံပို့ဆောင်ပေးနေပါတယ်။
ရခိုင်ပြည်နယ်ဘက်ကနေ ဝင်လာတဲ့ကုန်တင်ကာတွေကိုတော့ မကွေးတိုင်းဒေသကြီး အတွင်းမှာ ရပ်နားတာတွေမရှိစေရေးအထွက် တိုင်းဒေသကြီးအထွက်ထိ မြို့နယ်အလိုက် ချိတ်ဆက်ပြီး ရဲတပ်ဖွဲ့ယာဉ်တွေနဲ့ ပို့ဆောင်ပေးနေတဲ့လို့ မကွေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။
သတင်း- မင်းထီး