ကျောက်တန်းတွင် ဘယ်ကကူးမှန်းမသိသည့် ပိုးတွေ့လူနာ ၅ ဦး စတွေ့
DVB
·
September 14, 2020
ကိုဗစ်ဒုတိယလှိုင်းကာလအတွင်း ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်က ဘယ်ကကူးမှန်း မသိတဲ့ ပိုးတွေ့လူနာ ၅ ယောက်စတင်တွေ့ရှိထားတယ်လို့ ကျောက်တန်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်က ဒီဗွီဘီကို ပြောပါတယ်။
"ရပ်ကွက်တစ်ခုက လေးယောက်၊ ရပ်ကွက်တစ်ခုက တစ်ယောက်ပါ။ အခုဟာက ကျနော်တို့ အုပ်ချုပ်ရေးပိုင်းနဲ့ ကျန်းမာရေးဌာနက ပိုးတွေ့လူနာတွေရဲ့ အိမ်တွေကို လော့ဒေါင်း လုပ်နေပါတယ်ဗျ။"လို့ လွှတ်တော်အမတ် ဦးဇော်မိုးလွင်က ပြောပါတယ်။
သူတို့ ၅ ယောက်လုံးဟာ အနံ့ပျောက်ရာက အသွားအလာကန့်သတ်ထားချိန် ဓာတ်ခွဲနမူနာယူစစ်ဆေးရာကနေ ပိုးတွေ့ရှိတာဖြစ်ပြီး ကျန်မာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီမနက်ပိုးတွေ့လူနာစာရင်းမှာ ပါလာခဲ့တာ ဖြစ်ပါတယ်။
ကျောက်တန်းမြို့နယ်အနေနဲ့ ကိုဗစ် ဒုတိယလှိုင်းအတွင်း အခုလူနာ ၅ ယောက်တွေ့ရှိတာ ပထမဆုံးလည်းဖြစ်ပြီး လတ်တလောမှာတော့ သူတို့နဲ့ထိတွေ့သူတွေကို ရှာဖွေစစ်ဆေးနေပါတယ်။