မိတ္ထီလာခရိုင်အားကစားကွင်းအနီး ပစ္စတိုသေနတ်တလက်တွေ့ရှိ
DVB
·
September 14, 2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မိတ္ထီလာခရိုင်အားကစားကွင်းအနီးမှာ ဆိတ်ကျောင်းနေသူတစ်ဦးက ပစ္စတိုသေနတ်တလက်ကို တွေ့ရှိခဲ့တယ်လို့ မိတ္ထီလာမြို့မရဲစခန်းက သိရပါတယ်။
စက်တင်ဘာ ၁၃ ရက်က ရတနာမာရ်အောင်ရပ်ကွက် နယ်မြေ (၅)နေ ကိုရဲမင်းလွင် (ခ) ရဲရဲ ဟာ ခရိုင်အားကစားကွင်းအနီး ဆိတ်ကျောင်းနေရင်း ကန္တရပင်တွေ ပေါက်နေတဲ့ ချုံထဲက ပစ္စတိုသေနတ် ၁ လက်ကိုတွေ့ရှိခဲ့လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီ အကြောင်းကြားခဲ့တာပါ။
အဆိုပါ ပစ္စတိုသေနတ်ကို တပ်မတော် အမှတ် (၃) စစ်လက်နက်ပြင်ဌာနထံ စနစ်တကျ လွှဲပြောင်းပေးလိုက်တယ်လို့ မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။
ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ)က ထုတ်တဲ့ MA-5 အမျိုးအစား ပစ္စတိုသေနတ် ဖြစ်ပြီး သံချေးတွေတက်နေလို့ သေနတ်နံပါတ်ကတော့ ဖတ်မရဖူးလို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း