နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုဝန်ကြီး၏ ကိုယ်ရေးအရာရှိ ကိုဗစ်- ၁၉ ကူးစက်ခံရ
နေဖြိုးဝင်း
·
September 14, 2020
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်တဲ့ ဦးခင်မောင်တင်ရဲ့ ကိုယ်ရေးအရာရှိဖြစ်သူမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိရတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
ဒုတိယဝန်ကြီးနဲ့ သူ့ရဲ့ ကိုယ်ရေးအရာရှိတို့ကို တစ်ရက်တည်းစစ်ဆေးတာမှာ အခုလိုတွေ့ရှိတာဖြစ်ပါတယ်။
“ ဒုတိယဝန်ကြီး ဦးခင်မောင်တင်ရဲ့ Swab test က Negative ဖြစ်ပါတယ်။ သူ့ရဲ့ PSO မှာ Positive ဖြစ်ပါတယ်။ ဒုတိယ ဝန်ကြီးနဲ့ PSO တို့ကို တစ်ရက်တည်း စစ်ဆေးခြင်းတာဖြစ်ပြီး အခု ဒုဝန်ကြီးက Hotel Quarantine ဝင်နေပါတယ်။ ရက်ပိုင်းအတွင်း ထပ်စစ်မှာဖြစ်ပါတယ် ” လို့ ဦးဇော်ဌေးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သမ္မတရုံးက လက်ထောက်ညွှန်ကြားရေးမှူးအဆင့် အရာရှိတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး သမ္မတအိမ်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ သတင်းထောက်တွေကိုပါ ရောဂါ ရှိ မရှိ ထပ်မံစစ်ဆေးခဲ့ရာမှာ သတင်းထောက်တစ်ဦးမှာ ပိုးတွေ့ခဲ့ ပါတယ်။
နေပြည်တော်မှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိတဲ့ အတည်ပြုလူနာ စုစုပေါင်း ၃၄ ဦး ရှိတယ်လို့ သိရပါတယ်။