ပြည်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ သတင်းသင်တန်းလာပေးသူ ၂ ဦး ကိုဗစ်-၁၉ ပိုးတွေ့
DVB
·
September 14, 2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မင်္ဂလာဂါးဒန်းဟိုတယ်မှာ ရွေးကောက်ပွဲဆိုင်ရာ သတင်းရေး သားနည်း သင်တန်းလာပေးသူတွေအထဲက ၅ ဦးကို ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့လို့ အသွားအလာကန့်သတ်စောင့်ကြည့်ခဲ့ပြီး ဓာတ်ခွဲနမူနာ ရယူ စစ်ဆေးရာမှာ ၂ ဦး ရောဂါပိုး တွေ့ရှိပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူ ၂ ဦးဟာ လွတ်လပ်သောရွေးကောက်ပွဲများအတွက် အရှ ကွန်ယက် (ANFREL) အဖွဲ့က သင်တန်းပို့ချသူ ၁ ဦးနဲ့ ရုံးအဖွဲ့ဝင် ၁ ဦးတို့ ဖြစ်ကြပါတယ်။
သူတို့ ၂ ဦးက စင်တာကို စက်တင်ဘာ ၁၂ ရက်က ပြည်မြို့ကိုစရောက် ချိန်ကတည်းက ကိုယ်ပူချိန်တက်နေကြောင်း တာ၀န်ရှိသူတွေကိုပြောဆိုခဲ့လို့ မနေ့က မနက်ပိုင်းထဲက ဆေးရုံကို လာရောက်ခေါ်ဆောင်သွားပြီး ဒီနေ့မနက်ပိုင်းမှာ ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးဌာနက အတည်ပြုပေးတယ်လို့ သင်တန်းဆရာ ဦးဇေယျာလှိုင်က ဒီဗွီဘီကို ပြောပါတယ်။
"ကျန်းမာရေးက ဒီမနက်ပိုင်းမှာ အတည်ပြုပြီး ဖုန်းဆက်ပြောပါတယ်။ ဒီ ၂ ဦးမှာပိုးတွေ့တယ် ဆိုတာကို၊ ကျနော်တို့ ကျန်တဲ့ ၃ ဦးမှာတော့ ပိုးမတွေ့ဘူးပေါ့။ ဒီမှာကျန်ခဲ့တဲ့သူတွေ အားလုံးကတော့ ကျန်းမာရေးကောင်းပါတယ်"လို့ ပြောပါတယ်။
ဟိုတယ်မှာ ကွာရန်တင်းအလုပ်ခံထားရတဲ့ သင်တန်းသား ၁၄ ဦးနဲ့ လက်ထောက် သင်တန်း ဆရာ ၁ ဦး၊ စုစုပေါင်း ၁၅ ဦးကိုလည်း ကျန်းမာရေးစစ်ဆေးတာတွေပြုလုပ်ပေးဖို့ ကျန်းမာရေး ဌာနကို ပြောဆိုထားတယ်လို့ ဆိုပါတယ်။
အတည်ပြုလူနာ ၂ ဦးတွေ့ရှိတာနဲ့ ပတ်သက်ပြီး မြို့နယ်ကျန်းမာရေးဌာနကို ဆက်သွယ်မေးမြန်းချိန်မှာ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနရဲ့ အတည်ပြုချက်ရောက်မလာ သေးလို့ ထုတ်ပြန်လို့ မရသေးဘူးလို့သာ ပြန်လည်ပြောဆိုခဲ့ပါတယ်။
သင်တန်းဆရာတွေရော သင်တန်းသားတွေရော ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်ပြီး ဘယ်လို့ အခြေအနေမဆို မြန်မြန်တုံ့ပြန်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့အဆင်သင့်ရှိတယ်လို့ သင်တန်းဆရာ ဦးဇေယျာလှိုင်က ပြောပါတယ်။
သင်တန်းကို မီဒီယာကောင်စီနဲ့ လွတ်လပ်သောရွေးကောက်ပွဲများအတွက် အာရှကွန်ယက် (ANFREL) အဖွဲ့တို့ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး သင်တန်းကို မကွေး၊ ပဲခူးနဲ့ ဧရာ၀တီတိုင်းက သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၄ ဦး တက်ရောက်ခဲ့ပါတယ်။
သတင်း- ၀ဏ္ဏထွန်း၊ မင်းထက်မုန်း