Homeမြန်မာသတင်း
မကွေးတိုင်းအတွင်း ပထမဆုံးအကြိမ် ညမထွက်ရ အမိန့်ထုတ်မည်၊ စစ်ဆေးရေးဂိတ် ၁၁ ခု တိုးချဲ့ ဖွင့်လှစ်
မကွေးတိုင်းအတွင်း ပထမဆုံးအကြိမ် ညမထွက်ရ အမိန့်ထုတ်မည်၊ စစ်ဆေးရေးဂိတ် ၁၁ ခု တိုးချဲ့ ဖွင့်လှစ်
DVB
·
September 13, 2020
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ စက်တင်ဘာ ၁၄ ရက်ကစပြီး ပထမဆုံးအကြိမ် ညမထွက်ရအမိန့် ထုတ်ပြန်မှာဖြစ်ပြီး ပူးပေါင်းစစ်ဆေးရေးဂိတ် ၁၁ ခုလည်း တိုးချဲ့ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်နိုင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေ၊ ကျန်းမာရေးဝန်ထမ်း၊ မီးသတ်၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ် ၁၁ ခုထပ်မံ ဖွင့်လှစ်လိုက်တာလို့ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောပါတယ်။
အဖွဲ့စုံပူးပေါင်းစစ်ဆေးရေးဂိတ်တွေကတော့ မကွေးခရိုင်မှာ ၆ ခု၊ သရက်ခရိုင်မှာ ၂ ခု၊ ပခုက္ကူခရိုင်မှာ ၂ ခုနဲ့ ဂန့်ဂေါခရိုင်မှာ ၁ ခုတိုးချဲ့ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးတာတွေ၊ ခရီးသွားရာဇဝင်စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
မင်းဘူးခရိုင်ထဲမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ဆေးရေး ဂိတ် ၂ ခုတိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ရခိုင်ပြည်နယ် ဝင်ပေါက်ဖြစ်တဲ့ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဉ်တွေကို ကိုယ်ပူချိန်တိုင်းတာပေးပြီး အသေးစိတ် စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မကွေးတိုင်းအတွင်းမှာ စက်တင်ဘာလ ၁၄ ရက်နေ့ကစလို့ ပထမဆုံးအကြိမ် ညမထွက်ရ အမိန့်ထုတ်ပြန်မယ်လို့ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောပါတယ်။
ပြည်သူတွေ သွားရေးလာရေး၊ ခရီးသည်တင်ယာဉ်အဝင်အထွက်တွေအတွက် ကြိုတင်ပြင်ဆင်လို့ရအောင် ည ၁၂ နာရီ မနက် ၄ နာရီထိ ညမထွက်ရ အမိန့်ထုတ်ပြန်မှာလို့ ဆိုပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီကနေ စက်တင်ဘာ ၁၄ ရက်နေ့ကစလို့ ခရီးသည်တင်ယာဉ်တွေ တိုင်းကျော်သွားလာခွင့်ရပ်နားတာတွေ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကိုလည်း ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ညွှန်ကြားချက် ထုတ်ထားပါတယ်။
KTV၊ အနှိပ်ခန်းတွေအပါအဝင် ကိုဗစ်-၁၉ စည်းကမ်းဖောက်ဖျက်တဲ့ အမှုပေါင်း ၅၀ ကျော်လောက် အရေးယူထားတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။
မကွေးတိုင်းအတွင်းမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဦးထိ တွေ့ရှိထားပြီး ၃ ဦးရောဂါပိုးကင်းစင်ကာ ၉ ဦးကတော့ ဆေးရုံတက်ရောက်ကုသနေတယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
သတင်း-မင်းထီး