မြို့နယ်ပေါင်း ၂၁၃ မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာမရှိသေး
DVB
·
September 12, 2020
မနေ့မနက်ပိုင်းအထိ မြန်မာနိုင်ငံထဲက မြို့နယ်ပေါင်း ၂၁၃ မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ မရှိသေးပါဘူး။
ကျန်းမာရေးဌာနရဲ့ စာရင်းတွေအရ တိုင်းနဲ့ပြည်နယ်တွေထဲမှာ ကယားပြည်နယ်တခုပဲ လူနာမရှိသလို မြန်မာနိုင်ငံက မြို့ပေါင်း ၃၃၀ ထဲက ၁၁၇ မြို့နယ်မှာတော့ ပိုးတွေ့လူနာတွေ ရှိနေတာပါ။
ရန်ကုန်တိုင်းက မြို့နယ် ၄၀ မှာ ပိုးတွေ့လူနာရှိပြီး သင်္ဃန်းကျွန်းမြို့နယ်မှာ ၂၁၂ ယောက်နဲ့ အများဆုံးဖြစ်ပါတယ်။ ပဲခူးတိုင်းမှာတော့ ၁၀ မြို့နယ်မှာ ပိုးတွေ့လူနာရှိပြီး ဒိုက်ဦးမှာ ၂၄ ယောက်၊ ကဝမှာ ၁၉ ယောက်နဲ့ အများဆုံးဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာ ၃ မြို့၊ ချင်းပြည်နယ်မှာ ၅ မြို့၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ၃ မြို့၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၅ မြို့၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၂ မြို့၊ နေပြည်တော်က ၇ မြို့နယ်တို့မှာ ပိုးတွေ့လူနာတွေရှိပါတယ်။
မကွေးတိုင်းမှာ ၇ မြို့၊ ကရင်ပြည်နယ်မှာ ၅ မြို့၊ မွန်ပြည်နယ်မှာ ၅ မြို့၊ ကချင်ပြည်နယ်မှာ ၄ မြို့၊ တနင်္သာရီတိုင်းမှာ ၃ မြို့နဲ့ ဧရာဝတီတိုင်းက ၁၃ မြို့နယ်မှာ အတည်ပြုလူနာတွေ တွေ့ခဲ့ပြီး ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာတော့ တပြည်နယ်လုံးမှာ ပိုးတွေ့လူနာတွေ့ထားရပြီး စစ်တွေမှာ ၃၇၅ ယောက်နဲ့ အများဆုံး၊ မန္တလေးတိုင်းမှာတော့ ၁၂ မြို့နယ်တွေ့ရာမှာ မြင်းခြံက လူနာအယောက် ၅၀ နဲ့ အများဆုံး ဖြစ်ပါတယ်။
စက်တင်ဘာ ၁၁ ရက် မနက် ၇ နာရီအထိ ဆေးရုံတွေမှာ တက်ရောက်ကုသခံနေသူပေါင်းကတော့ ၁၆၆၂ ယောက်ရှိပါတယ်။
အသွားအလာကန့်သတ်စောင့်ကြည့်သူဦးရေမှာတော့ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဟာ ၆ ရက်အတွင်း တဟုန်တိုး များလာတာကိုတွေ့ရပါတယ်။
စက်တင်ဘာ ၄ ရက်က ဧရာဝတီတိုင်းမှာ အသွားအလာကန့်သတ်ထားသူ ၉၈၉ ယောက်ပဲ ရှိပြီး စက်တင်ဘာ ၉ ရက်မှာတော့ ၂၈၄၉ ယောက်ဖြစ်လာပါတယ်။ စစ်ကိုင်းတိုင်းမှာလည်း စက်တင်ဘာ ၄ ရက်က ၁၁၀၉ ယောက်ပဲ ရှိပြီး စက်တင်ဘာ ၉ ရက်မှာတော့ ၂၀၃၅ ယောက် ဖြစ်လာပါတယ်။ မန္တလေးတိုင်းမှာလည်း ၁၃၆၃ ယောက်ကနေ ၂၈၄၅ ယောက် ဖြစ်ပါတယ်။
စက်တင်ဘာ ၉ ရက် ညနေ ၅ နာရီအထိ တနိုင်ငံလုံးမှာ အသွားအလာကန့်သတ်တဲ့ နေရာပေါင်း ၃၃၂၂ ခု ရှိပါတယ်။