အသွားအလာကန့်သတ်မှု ရောဂါကာကွယ်ရေးအတွက် ကောင်းသည့်နည်းမဟုတ်ဟု လူအများဖြေဆို
DVB
·
September 12, 2020
ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင်ဖို့လိုတယ်ဆိုတာကို အားလုံးနီးပါး လက်ခံကြပေမယ့် အသွားအလာကန့်သတ်ထိန်းချုပ်တာဟာ ကာကွယ်ရေးအတွက် ကောင်းတဲ့နည်းလမ်းမဟုတ်ဘူးလို့ အများစုက ဖြေတဲ့အကြောင်း ကျန်းမာရေးစစ်တမ်းက ဆိုပါတယ်။
ပြည်သူ့ကျန်းမာရေးတက္ကသိုလ်ပါမောက္ခချုပ် ဦးဆောင်တဲ့အဖွဲ့က လုပ်ခဲ့တဲ့ သုတေသနစာတမ်းမှာ ဖြေဆိုခဲ့ကြတာလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာပါ။
အသွားအလာကန့်သတ်ထိန်းချုပ်တာဟာ ရောဂါကာကွယ်ရေးအတွက် ကောင်းတဲ့နည်းလမ်း မဟုတ်ဘူးလို့ ၆၂ ရာခိုင်နှုန်းက ဖြေဆိုကြပြီး ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင်ဖို့လိုတယ်ဆိုတာကို ၉၉ ရာခိုင်နှုန်းက လက်ခံကြပါတယ်။
ဖြေဆိုသူ ၉၈ ရာခိုင်နှုန်းဟာ လတ်တလောဖြစ်နေတဲ့ ကိုဗစ်-၁၉ အကြောင်း ကြားဖူးတယ်လို့ ဖြေကြပေမယ့် ၂၇ ရာခိုင်နှုန်းကပဲ ကိုဗစ်-၁၉ ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းရင်းကို ဖြေနိုင်ကြပါတယ်။
ဒီထဲမှာ ၈၇ ရာခိုင်နှုန်းကပဲ ကိုဗစ်အကြောင်း ဗဟုသုတနည်းနည်းရှိပြီး လက်ကို မကြာခဏ ဆေးတာဟာ ရောဂါကို ကာကွယ်နိုင်တယ်ဆိုတာ နားလည်သူ ၅၅ ရာခိုင်နှုန်း၊ လူထူထပ်တဲ့နေရာတွေ ရှောင်ရမယ်ဆိုတာ ၄၅ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ အဆိုးဆုံးကတော့ ရောဂါရှိသူတွေနဲ့ နီးနီးကပ်ကပ်နေတာကို ရှောင်တာဟာ ရောဂါကူးစက်တယ် ဆိုတာကို နားလည်သူ ၁၁ ရာခိုင်နှုန်းပဲ ရှိနေခဲ့တာပါ။
ထူးခြားတာကတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဟာ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ အချက်အလက်တွေ အဓိကရနိုင်တဲ့နေရာဆိုတာ ဖြေဆိုသူ ၁၃ ရာခိုင်နှုန်းပဲရှိပြီး ကျန်းမာရေးဌာနဟာ ယုံကြည်ရတဲ့ သတင်းအချက်အလက်တွေပေးတဲ့ အဓိကရင်းမြစ်ဆိုတာ ၂၅ ရာခိုင်နှုန်းကပဲ ဖြေဆိုခဲ့ကြတာပါ။
ဖြေဆိုခဲ့သူတွေထဲက ၆၀ ရာခိုင်နှုန်းကျော်ဟာ အထက်တန်းနဲ့ တက္ကသိုလ် ကောလိပ်တက်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖြေဆိုသူတွေရဲ့ ထက်ဝက်လောက်ဟာ တရက်ကို လက် ၅ ကြိမ်နဲ့အထက် ဆေးကြပြီး ချောင်းဆိုး၊ နှာချေတုန်းမှာ ဖုံးအုပ်ကြတယ်လို့ ဆိုပါတယ်။
ဒီစစ်တမ်းကို ပြည်သူ့ကျန်းမာရေးတက္ကသိုလ်က ဆရာ၊ ဆရာမတွေ၊ ပြည်သူ့ကျန်းမာရေး မဟာဘွဲ့နဲ့ ဆေးရုံအုပ်ချုပ်မှုပညာ ဘွဲ့လွန်ကျောင်းသား ကျောင်းသူတွေက ပြီးခဲ့တဲ့ မတ်လတုန်းက လုပ်ခဲ့တာပါ။
ရန်ကုန်မြို့ ဒဂုံဧရာ အဝေးပြေး၊ အောင်မင်္ဂလာ အဝေးပြေး၊ ဝမ်းတီးနဲ့ မားမားခေါက်ဆွဲစက်ရုံ၊ ပဲခူးတိုင်း မြို့ပေါ်ရပ်ကွက် ၄ ခုက လူပေါင်း ၆၀၀ လောက်ကို မေးခဲ့တာပါ။ ဒီစစ်တမ်းအရ ပြည်သူလူထုထဲမှာ ကိုဗစ်နဲ့ပတ်သက်ပြီး အသိပညာဗဟုသုတ နည်းနေသလို လိုက်နာတာ အားနည်းတယ်လို့လည်း ကျန်းမာရေးဌာနက သုံးသပ်ပါတယ်။