ရေးမြို့နယ်၌ လူသတ်ပြီး ရွှေထည်ပစ္စည်းယူဆောင်သွားသူကို ဖမ်းမိ
DVB
·
September 11, 2020
မွန်ပြည်နယ် ရေးမြို့နယ် ဒူးယားကျေးရွာ အမှတ်(၂) တောင်ပိုင်းရပ်ကွက်က နေအိမ်တလုံးမှာ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတဦးအားသတ်ပြီး ကျပ်သိန် ၉၀ တန်ဖိုးရှိ စိန်ရွှေနဲ့ဟန်းဖုန်းတွေ ယူသွားတဲ့သူကို ဖမ်းဆီးမိပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
စည်သူမင်း (ခ) ထွန်းလင်းငယ်ဟာ အခင်းဖြစ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှ မော်လမြိုင်မြို့ ဒေါင်းဇရပ်ရပ်ကွက်၊ တာဝါ တိုင်အနီး မုဒုံ-မော်လမြိုင်သွားကားလမ်းမှာ နေ့လယ် ၂ လောက် မွန်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။
အသတ်ခံရတဲ့ ဒေါ်ကြည်ဝင်းဟာ အသက် ၁၃ နှစ်ရှိ သမီးနဲ့ အသက် ၅ နှစ်ခန့်ရှိ သားဖြစ်သူတို့နဲ့ နေအိမ်အောက်ထပ်မှာ ညအိပ်နေစဉ် လွန်ခဲ့တဲ့ ၁၀ ရက်လောက်က နေအိမ်မှာ ကားမောင်းဖို့ ခန့်ထားတဲ့ အလုပ်သမား စည်သူမင်း(ခ)ထွန်းလင်းငယ်က သတ်ပြီး ပစ္စည်းတွေ ယူဆောင်သွားတာပဲဖြစ်ပါတယ်။
ဒေါ်ကြည်ဝင်းဟာ လည်ပင်းမှာ ၄ လက်မခန့် ဒဏ်ရာ ၁ ချက်၊ ဝဲဘက်နား နောက် ၅ လက်မ ခန့် ဒဏ်ရာ ၁ ချက် ရရှိပြီး သေဆုံးခဲ့တာပါ။
ဖြစ်စဉ်နဲ့ပတ်သက်လို့ မုပွန်နယ်မြေရဲစခန်းမှာ လူသတ်တရားခံ စည်သူမင်း(ခ) ထွန်းလင်းငယ်ကို ယာယီထိန်းသိမ်းထားရှိပြီး ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။
သတင်း - နေမျိုးထွဋ် (ရေး)