Home
မြန်မာသတင်း
မော်လမြိုင်စျေးများတွင် ကုန်ပစ္စည်းရောင်းချခွင့်ကန့်သတ်၊ မလိုက်နာပါက ရောင်းခွင့်ပိတ်မည်
DVB
·
September 11, 2020
မော်လမြိုင်ရဲ့ အဓိက စျေးတွေဖြစ်တဲ့ မြိုင်ရတနာစျေးနဲ့ အမှတ်(၁) စျေး အပါအဝင် Stay at Home ရပ်ကွက်က စျေးတွေမှာ ကုန်ပစ္စည်း ရောင်းချခွင့် စတင်ကန့်သတ်လိုက်ပြီး ညွှန်ကြားချက် မလိုက်နာပါက စျေးရောင်းချခွင့် အပြီးပိတ်သိမ်းတဲ့အထိ အရေးယူတော့မှာ ဖြစ်ပါတယ်။  မွန်ပြည်နယ်မှာ ကိုဗစ်ရောဂါ ပြည်တွင်း ကူးစက်မှုတွေ ဆက်တိုက်မြင့်တက်လာခဲ့တာ ဖြစ်ပြီး စက်တင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းအထိ ကူးစက်လူနာ ၂၄ ဦးအထိ ရှိလာခဲ့တာပါ။ အခုလို အခြေအနေတွေကြောင့် လူစုလူဝေးတွေ အများဆုံး ဖြစ်ပေါ်နေတဲ့ စျေးတွေကို ကုန်ပစ္စည်းရောင်းချခွင့် စတင် ကန့်သတ်လိုက်တာပါ။ မော်လမြိုင်ရဲ့ အဓိက စျေးတွေ ဖြစ်တဲ့ မြိုင်ရတနာစျေးနဲ့ အမှတ်(၁) စျေး အပါအဝင် Stay at Home ရပ်ကွက်က စျေးတွေမှာ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်တွေကိုသာ ရောင်းချဖို့နဲ့ တခြားကုန်ပစ္စည်းတွေမရောင်းချဖို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားလိုက်တာပါ။ ညွှန်ကြားချက် မလိုက်နာတဲ့ဆိုင်တွေကို စစ်ဆေးတွေ့ရှိရင် အပြီးပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တွဲဘက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။ စျေးတွေမှာ ကုန်ပစ္စည်းရောင်းချခွင့် စတင်ကန့်သတ်လိုက်တဲ့ အမိန့်ညွှန်ကြားချက်ဟာ စက်တင်ဘာ ၁၁ ရက်နေ့ကစပြီး အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဒီညွှန်ကြားချက်ကိုတော့ ကိုဗစ်လူနာ ကူးစက်မှု ထိန်းချုပ်နိုင်မှ ပြန်လည်ဖြေလျော့ပေးသွားဖို့ ရှိနေတာပါ။ မွန်ပြည်နယ်မှာ မော်လမြိုင်ကလွဲရင် တခြားမြို့နယ်တွေမှာ ဆိုင်ထိုင် စားသောက်ခွင့်ပေးအပ်ထားပေမယ့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားမလိုက်ပါက ပြည်နယ်တခုလုံးကို ပါဆယ်စနစ် ကျင့်သုံးသွားမယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သန်းဝင်းက ပြောပါတယ်။ ဒါ့အပြင် စျေးတွေမှာ စျေးရောင်းချခွင့် ရရှိထားတဲ့ စျေးဆိုင်တွေအနေနဲ့လည်း မဖြစ်မနေ Mask တပ်ဆင်ရမယ့်အပြင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အတိုင်း မလိုက်ရင် ပိတ်သိမ်းတဲ့အထိ အရေးယူဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ မော်လမြိုင်မှာတော့ မုပွန်၊ စစ်ကဲကုန်း၊ ဖက်တန်းနဲ့ ရွှေတောင်ရပ်ကွက်တို့ကို မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက နေအိမ်အတွင်း နေထိုင်ကြဖို့ Stay at Home သတ်မှတ်ထားတာပါ။ သတင်း- ဇော်လွင်ထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024