ရန်ကုန်တိုင်း မြို့နယ် ၄၄ မြို့နယ်နေ ပြည်သူများအား ခရီးသွားလာခွင့် တားမြစ်
DVB
·
September 11, 2020
ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၄၄ မြို့နယ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေကို တိုင်းပြင်ပ ခရီးသွားလာခွင့်တားမြစ်ကြောင်း တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ကိုးကိုးကျွန်းမှအပ Stay At Home ချမှတ်ထားတဲ့ မြို့နယ်တွေအပါအဝင် ကျန်တဲ့ မြို့နယ် ၄၄ မြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်နဲ့ အရေးကြီး ကိစ္စရပ်တွေမှအပ တိုင်းပြင်ပမသွားကြဖို့ တားမြစ်လိုက်တာဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ကနေ လာမယ့် အောက်တိုဘာလ ၁ ရက်နေ့အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။
ပြည်ပနိုင်ငံတွေကို ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှုတွေနဲ့ ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက်ဟာ သြဂုတ် ၁၆ ရက်နေ့မှာ တကျော့ပြန်အနေနဲ့ သိသိသာသာ မြင့်တက်လာနေတာပါ။
စက်တင်ဘာ ၁၁ ရက်နေ့အထိ တနိုင်ငံလုံးမှာ ပြည်တွင်းရောဂါပိုး ကူးစက်ခံရသူ အရေအတွက်ဟာ ရန်ကုန်တိုင်းမှာ ၇၃၆ ဦး၊ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ၈၉၉ ဦး စုစုပေါင်း ၁၆၃၅ ဦးရှိလာပြီး အဲဒီအထဲက ၈ ဦးသေဆုံးခဲ့ပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂,၂၆၅ ဦး၊ သေဆုံးသူ ၁၄ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၆၂၅ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၂၉ ဦး ရှိပါတယ်။