သတ္တုတွင်းဌာန ဝန်ထမ်း ၁ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ
DVB
·
September 10, 2020
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကနေ ရမည်းသင်းမြို့ကို ပြောင်းရွှေ့သွားတဲ့ သတ္တုတွင်း ဝန်ကြီးဌာနက ဝန်ထမ်း ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ သိရပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၀ ရက် မနက် ၈ နာရီ ထုတ်ပြန်ချက်အရ ဗန်းမော်က ပိုးတွေ့လူနာဆိုပြီး ပါရှိလာတာပါ။
အဲဒီလူနာဟာ သတ္တုတွင်းဝန်ကြီးဌာနက ဗန်းမော်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ၂ အဆင့်ရှိတဲ့ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးဖြစ်ပြီး ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှာ နေထိုင်ခဲ့သူဖြစ်ပါတယ်။
သူဟာ သြဂုတ် ၃၀ ရက် ညနေ ၅ နာရီခွဲက ဗန်းမော်မန်း ခရီးသည်တင် မော်တော်ယာဉ်လိုင်းနဲ့ ရမည်းသင်းမြို့နယ် ဝါးဖြူတောင်ကျေးရွာအုပ်စု၊ မိုးထိမိုးမိဒေသ၊ လုပ်ကွက်ကြီး (A) မှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ မန္တလေးမြို့ကို ထွက်ခွာသွားခဲ့ပြီးနောက် တာဝန်ထမ်းဆောင်နေရင်း စက်တင်ဘာ ၈ ရက်နေ့မှာ အနံ့မရလို့ ရမည်းသင်းပြည်သူ့ဆေးရုံမှာ တက်ရောက်ခဲ့တာဖြစ်ပါတယ်။
ဆက်စပ်ပတ်သက်ခဲ့သူတွေကို လိုက်လံစုံစမ်းနေပြီး သူနေထိုင်ခဲ့တဲ့ ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက် နေအိမ်ဝင်း၊ အရှေ့သာစည်ရပ်ကွက် နေအိမ် ၂ အိမ်နဲ့ မပြောင်းရွှေ့မီ သွားရောက်ခဲ့တဲ့ နှစ်မိုင်-အောင်သာရပ်ရှိ ရုံး ၁ ရုံးကိုလည်း အသွားအလာကန့်သတ်ထားပါတယ်။
အဲဒီ ထိတွေ့နေရာတွေကို ဗန်းမော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းဇော်အေးဦးဆောင်တဲ့ တာဝန်ရှိသူတွေ ဒီနေ့မနက်သွားရောက်ကာ စာရင်းပြုစုပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အတိုင်း နေထိုင်ကြဖို့နဲ့ ထူးခြားမှုရှိပါက သတင်းပို့ဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။
ကျော်ဇေယျ CJ(ရွှေကူ)