တစ်နိုင်ငံလုံး ပြည်တွင်းခရီးသွားလာမှု တားမြစ်ကန့်သတ်
ဇေယျာချမ်းအေး
·
September 10, 2020
မြန်မာပြည်တွင်း ကိုဗစ်-၁၉ ရောဂါကူးစက်လူနာ စံချိန်တင်မြင့်တက်လာပြီးတဲ့နောက်မှာ တစ်နိုင်ငံလုံးက ပြည်သူတွေအနေနဲ့ ပြည်တွင်းခရီးသွားလာမှုတွေမလုပ်ကြဖို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ပန်ကြားလိုက်ပါတယ်။
“ရောဂါကူးစက်တာကို အချိန်မီထိန်းချုပ်နိုင်ရေးအတွက် ပြည်သူတွေအနေနဲ့ ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်တွေနဲ့ အခြား အရေးပေါ်ကိစ္စရပ်တွေမှအပ ပြည်တွင်းခရီးသွားလာခြင်းကို မပြုကြပါဖို့နဲ့ မဖြစ်မနေသွားဖို့ရှိပါက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ဆိုင်ရာ အမိန့်ညွှန်ကြားချက်နဲ့အညီ တိကျစွာလိုက်နာဆောင်ရွက်ကြဖို့” ဒီကနေ့ စက်တင်ဘာ ၁၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ပန်ကြားချက်မှာ ဖော်ပြပါတယ်။
ပြည်ပကို ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှုအဖြစ်သုံးသပ်ရတဲ့ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာတွေကို ၂၀၂၀ သြဂုတ် ၁၆ရက်နေ့မှာ ပြန်လည်စတင်တွေ့ရှိခဲ့တာပါ။
စက်တင်ဘာလ ၁၀ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ ပြည်တွင်း ရောဂါပိုး ကူးစက်ခံရသူ အရေအတွက်ဟာ ရန်ကုန်တိုင်းမှာ ၇၃၆ ဦး၊ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ၈၉၉ ဦး စုစုပေါင်း ၁၆၃၅ ဦးရှိလာပြီး အဲဒီအထဲက ၈ ဦးသေဆုံးခဲ့ပါတယ်။