ရန်ကုန် FDA ရုံးက ဝန်ထမ်း ၁ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
DVB
·
September 10, 2020
အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA (ရန်ကုန်) ရုံးရဲ့ ရုံးဝန်ထမ်းတစ်ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက် တစ်ရုံးလုံးကို ပိတ်ထားပြီး ဝန်ထမ်းတွေအားလုံး ကွာရန်တင်းဝင်ရမှာဖြစ်ပါတယ်။
လက်ရှိမှာတော့ FDA ရန်ကုန်ရုံးကို စက်တင်ဘာ ၁၁ ရက်က စတင်ပိတ်ထားမယ်လို့ ကြေညာချက်ထုတ်ပြန်ထားတာပါ။
ရန်ကုန် FDA ရုံးမှာ ဝန်ထမ်း ၁၅၀ လောက်ရှိပြီး အခုပိုးတွေ့တဲ့ ရုံးဝန်ထမ်းနဲ့ တစ်ရုံးလုံးလိုလို ထိတွေ့မှုရှိခဲ့တဲ့အတွက် ရုံးဝန်ထမ်းအားလုံး ကွာရန်တင်းဝင်ရမှာဖြစ်ပါတယ်။
ရုံးပြန်ဖွင့်ဖို့ကတော့ ဝန်ထမ်းတွေအားလုံး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေအတိုင်း ကွာရန်တင်း ရက်ပြည့်မှ ပြန်ဖွင့်မှာဖြစ်ပြီး FDA နဲ့ဆိုင်တဲ့ ရုံးလုပ်ငန်းတွေကိုတော့ နေပြည်တော်က FDA ရုံးနဲ့ မန္တလေးက FDA ရုံးတွေမှာ ဆောင်ရွက်ရမယ်လို့ ရန်ကုန် FDA ရုံးရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဝန်က ပြောပါတယ်။
FDA ရန်ကုန်ရုံးက ဝန်ထမ်းရဲ့ ပိုးကူးစက်မှုရာဇဝင်ကိုတော့ မသိရသေးဘဲ စက်တင်ဘာ ၁၀ ရက်က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာစာရင်းမှာ ပါဝင်လာခဲ့တာပါ။
သူနဲ့တိုက်ရိုက်ထိတွေ့ထားတဲ့သူတွေက သတ်မှတ်နေရာတွေမှာ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး သွယ်ဝိုက်ထိတွေ့မှု ဖြစ်သွားတဲ့သူတွေကတော့ နေအိမ်မှာ ကွာရန်တင်းလုပ်ရမယ်လို့ သိရပါတယ်။
သတင်း - သင်းသင်းဇော်