မွန်ပြည်နယ်တွင် မဲရုံ ၂၂ ရုံ ထပ်တိုးမည်
DVB
·
September 10, 2020
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်မှာ မဲရုံပေါင်း ၂၂ ထပ်တိုးဖို့ လျာထားတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ဟာ ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာပြီးနောက် မဲစာရင်း ပြန်လည်စိစစ်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်နေတာပါ။
အဲလို လုပ်ဆောင်ရာမှာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲတွေမှာ မဲစာရင်း တိုက်ဆိုင်စိစစ်ရေးအဖွဲ့တွေ ဖွဲ့ပြီး တစ်ဦးချင်းအလိုက် ပြန်လည်စိစစ်တာတွေ လုပ်နေတာပါ။
ပြန်လည် စိစစ်မှုအရ ပထမအကြိမ် ကပ်ထားတဲ့ မဲစာရင်းထက် လူဦးရေ တိုးလာနိုင်တဲ့အတွက်ကြောင့် မဲရုံပေါင်း ၂၂ ရုံ ထပ်တိုးဖို့ စီစဉ်ရတာလို့ ဦးဟိဏ်းလင်းထက်က ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ ပထမအကြိမ် မဲစာရင်း ကပ်ထား ကြေညာမှုအရ တပ်မဲစာရင်း အပါအဝင် ဆန္ဒမဲ ပေးနိုင်သူ ၁၇ သိန်း ၆ သောင်းကျော်အတွက် မဲရုံပေါင်း ၉၅၁ ဖွင့်လှစ်ဖို့ စီစဉ်ထားခဲ့တာပါ။
ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေအရ မဲရုံ ၁ ရုံဟာ လူဦးရေ ၃၀၀၀ ထက်ကျော်ရင် နောက်ထပ် မဲရုံ ၁ ရုံ ဖွင့်လှစ်ရမှာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တာမို့ မဲဆန္ဒရှင်တွေအနေနဲ့ ကျန်းမာရေး စည်းကမ်းတွေနဲ့ အညီလိုက်နာလုပ်ဆောင် မဲပေးရမှာဖြစ်လို့ ပုံမှန်ထက်အချိန်ပိုကြာ နိုင်တဲ့ အခြေအနေလည်းရှိနေပါတယ်။
ဇော်လွင်ထွဋ်