ရန်ကုန်က ၃၀ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၈၂ ဦးထပ်မံတွေ့ရှိ
DVB
·
September 9, 2020
ကိုဗစ်-၁၉ ရောဂါ လူနာသစ် ၈၂ ဦးထပ်မံ စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၁,၈၈၉ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။
လူနာသစ်တွေကတော့ ရန်ကုန်တိုင်းက ၃၀ ဦး၊ ရခိုင်ပြည်နယ် စစ်တွေက ၂၇ ဦး၊ မင်းပြားက ၅ ဦး၊ မောင်တောက ၃ ဦး၊ ပေါက်တောက ၅ ဦး၊ ပုဏ္ဏားကျွန်းက ၄ ဦး၊ မန္တလေးတိုင်း မြင်းခြံက ၂ ဦး၊ အမရပူရက ၁ ဦး၊ မွန်ပြည်နယ် မော်လမြိုင်က ၄ ဦး၊ ဧရာဝတီတိုင်း ငွေသောင်ယံက ၁ ဦးတို့ဖြစ်ကြပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၃၇၅ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၂၀၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၃၆၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၁၈၈ ခု၊ ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၉၆ ခု စုစုပေါင်း ၁,၂၂၆ ခုကို ဒီနေ့ညနေ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၈၂ ဦး တွေ့ရှိရတာပါ။
စက်တင်ဘာ ၉ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၈၈၉ ဦး၊ သေဆုံးသူ ၁၂ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၅၅၃ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၆၇ ဦး ရှိပါတယ်။