တကမ္ဘာလုံးရှိ အငှားယာဉ်တိုင်း လျှပ်စစ်ကား ဖြစ်စေရမည်ဟု အူဘာကော်ပိုရေးရှင်း ပြော

2.3K
အူဘာနည်းပညာ နိုင်ငံတကာကော်ပိုရေးရှင်းက တကမ္ဘာလုံးမှာရှိတဲ့ အငှားယာဉ်တွေမှာ သုံးတဲ့ကားတိုင်း ၂၀၄၀ မှာ လျှပ်စစ်ကားဖြစ်စေရမယ်လို့ စက်တင်ဘာ ၈ ရက်က ကတိပြုလိုက်ပါတယ်။
လျှပ်စစ်ကားဝယ်သူတွေကို လျှော့ဈေးပေးတာ ဒါမှမဟုတ် ကားထုတ်လုပ်သူ မိတ်ဘက် လုပ်ငန်းရှင်တွေကို စာချုပ်နဲ့ ငှားရမ်းတာတွေ အပါအဝင် ကားမောင်းသူတွေက ဒီဇယ်၊ ဓာတ်ဆီ တို့ကနေ ဘက်ထရီ စွမ်းအင်သုံးကားတွေကို ပြောင်းသုံးဖို့ ၂၀၂၅ ခုနှစ်ထိ အမေရိကန်ဒေါ်လာ သန်း ၈၀၀ သုံးသွားမယ်လို့လည်း အူဘာက ကတိပြုပါတယ်။
အူဘာမှာ ကမ္ဘာတဝန်း ယာဉ်မောင်း ၅ သန်းရှိပြီး ဂျင်နရယ်မော်တာ၊ ရေးနော့၊ နစ်ဆန်းနဲ့ မစ်ဆုဘိရှိတို့နဲ့ မဟာမိတ်ဖွဲ့ထားတယ်လို့ ဖေဖော်ဝါရီလက ပြောခဲ့ပါတယ်။
၂၀၃၀ မှာ အမေရိကန်၊ ကနေဒါနဲ့ ဥရောပတို့မှာ အူဘာ စီးနင်းသမျှ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု သုည ဖြစ်စေရမယ်။ ဒေသတွင်း အဆင့်မြင့် အခြေခံအဆောက်အဦနဲ့ စည်းမျဉ်းဆိုင်ရာ ထောက်ပံ့ကူညိမှုတွေက အခွင့်ကောင်းရစေတယ်လို့ အူဘာက ပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၈ ရက်ကစပြီး အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေက ဘက်ထရီ စွမ်းအင်သုံး လျှပ်စစ်ကားတွေကို မောင်းတဲ့ အူဘာ အငှားယာဉ်မောင်းတွေဟာ ခရီးစဉ်တခုကို အမေရိကန် ၁ ဒေါ်လာ အပိုဆုကြေးရမှာဖြစ်ပြီး အမေရိကန်ရဲ့ အဓိကမြို့ကြီးတွေမှာ ခရီးသည်တွေကတော့ အမေရိကန်ငွေ ဆင့် ၅၀ အပို ရမယ်လို့ အူဘာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။