Home
မြန်မာသတင်း
အစ္စရေးရောက် မြန်မာကျောင်းသားများ နေရပ်ပြန် ဆန္ဒမဲပေးရန် အခက်တွေ့နေ
DVB
·
September 9, 2020
အစ္စရေးနိုင်ငံမှာ စိုက်ပျိုးရေးပညာသင်ယူနေကြတဲ့ မြန်မာ ကျောင်းသူ၊ ကျောင်းသားတွေဟာ ၂၀၂၀ နိုဝင်ဘာလကျင်းပမယ့် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံကိုပြန်ပြီး ဆန္ဒမဲပေးဖို့ ပြင်ဆင်ထားကြပေမဲ့ ကိုဗစ်ကာလ နိုင်ငံတကာလေကြောင်းလိုင်းတွေ ရပ်နားထားတာကြောင့် နေရပ် ပြန်နိုင်ဖို့ အခက်တွေ့နေပါတယ်။ အစ္စရေးနိုင်ငံ အရာဗာဒေသရှိ  Arava International Center for Agriculture Training (AICAT) ကျောင်းမှာ စိုက်ပျိုးရေးပညာသင်ယူနေတဲ့ ကျောင်းသူ၊ ကျောင်းသား အများစုက နေရပ်ပြန်ပြီး ဆန္ဒမဲပေးဖို့ ပြင်ဆင်ထားပေမဲ့  ပြန်နိုင်ဖို့ မသေချာသေးဘူးလို့ ကျောင်းသူ၊ ကျောင်းသားတွေက ဒီဗွီဘီကို ပြောပါတယ်။  မူဆယ်မြို့ကနေ  အစ္စရေးမှာလာရောက်ပြီး  စိုက်ပျိုးရေးပညာ သင်ယူနေတဲ့ ကျောင်းသား ဒွဲရိန်က “တချို့ ကျောင်းသားတွေအနေနဲ့တော့ ပြည်ပကနေ မဲပေးဖို့အတွက် Form(ပုံစံ)တင်ထားတာရှိပေမဲ့ ကျောင်းသားတချို့ကတော့ Form (ပုံစံ) တင်ထားတာတွေ မရှိတာကြောင့် မြန်မာနိုင်ငံပြန်တဲ့အချိန်မှာ မဲပေးဖို့အတွက် ပြင်ဆင်ထားတာတွေရှိပါတယ်။ အရာဗာ (Arava) မှာ ကျောင်းသူ၊ ကျောင်းသားတွေ ၁၁၄ ယောက်ရှိပြီး Ein Yahav မှာနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကတော့ ပြည်ပကနေ မဲပေးဖို့ မရှိသလောက် ဖြစ်နေတယ်။ ကျနော်နဲ့ အတူနေတဲ့ သူငယ်ချင်းတွေလည်း ဘယ်သူမှ (ကြိုတင်မဲ) မပေးကြဘူး။”လို့ ဒီဗွီဘီကို ပြောပါတယ်။ ပုံမှန်ပညာသင်နှစ်တွေမှာ ၁၁ လ ဆိုရင် ပညာသင်ချိန် ပြီးသွားပေမယ့် ဒီနှစ်တော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သုံးလလောက် စာမသင်ပဲ ရပ်ထားလိုက်ရပြီး စာသင်ချိန်အချိန်အနည်းငယ်တိုး ထားတာမျိုးရှိတယ်လို့ ဆိုပါတယ်။  မြန်မာနိုင်ငံမှာ မဲပေးဖို့ မျှော်လင့်ထားပေမယ့် မြန်မာနိုင်ငံကို ပြန်လာနိုင်ဖို့ အခွင့်အရေး နည်းနေတယ်လို့ လည်း ကျောင်းသူ ၁ ဦးကပြောပါတယ်။ ကြိုတင်မဲအတွက် ပြင်ဆင်ထားတာမရှိဘူးလို့လည်း  လားရှိုးမြို့ကနေ အစ္စရေးရောက် စိုက်ပျိုးရေးကျောင်းသူ  မထက်ထက်ဝေက ပြောပြပါတယ်။ “ ဒီကိုဗစ်ကြောင့် ကျောင်းတွေပိတ်လိုက်ရတဲ့အချိန်မှာ Online Class နဲ့ စာသင်တယ်။ ဒါပေမဲ့လည်း သင်ခန်းစာတွေ အားလုံးတော့ မပြီးဘူး။ အဲဒါကြောင့် အခု သင်ခန်းစာတွေ ပြီးအောင် အရင်လုပ်နေတယ်။ ကိုဗစ်ကြောင့် အိမ်ပြန်လို့မရတဲ့ အခြေအနေ ဖြစ်နေတဲ့အတွက် ကျောင်းကနေ တခြားသင်ခန်းစာ အသစ်တွေကို ပြန်ထပ်ထည့်ပြီးမှပေါ့နော် ဒီမှာဆက်နေမယ်။ ကျောင်းက သင်ခန်းစာအသစ် ထပ်တိုးမယ်။ အဲလိုနဲ့ ကျောင်းပြန်တက်ဖို့ ဒီလိုလေး စီစဉ်ထားတာရှိတယ်။” AICAT ကျောင်းရဲ့ဒါရိုက်တာ ဟန်းနီအာနွန်ကတော့ လေယာဉ်အဆင်ပြေတဲ့ အချိန်မှာ မြန်မာ ကျောင်းသားတွေ နေရပ်ပြန်နိုင်ရေး စီစဉ်ပေးမယ်လို့ ပြောပါတယ်။   “ကျနော်တို့အနေနဲ့  လေယာဉ် အဆင်ပြေတဲ့အချိန်ကျလို့ရှိရင် ကျောင်းကတော့ မြန်မာနိုင်ငံကို ပြန်ခိုင်းမယ်လို့ ကျနော်တို့ကို  အသိပေးထားပါတယ်။ အခုလောလောဆယ်တော့ ပြန်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး အတော်လေး ပြဿနာရှိနေတယ်။” ကျောင်းသားတွေ နေရပ်ပြန်မယ့်အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ မြန်မာသံအမတ်ကလည်း zoom meeting ခေါ်ခဲ့ကာ  ပြန်ဖို့ကိစ္စတော့ မဖြစ်နိုင်သေးကြောင်းနဲ့ မသေချာသေးဘူးလို့ပြောတယ်။”  နှစ်စဉ်နှစ်တိုင်း အစ္စရေးနိုင်ငံကို မြန်မာနိုင်ငံမှ စိုက်ပျိုးရေး ကျောင်းသူ၊ ကျောင်းသားတွေ ပညာတော်သင်စေလွှတ်တာဖြစ်ပြီး Arava နဲ့  Ramat Negev တို့မှာ ကျောင်းသား   ဦးရေ ၃၀၀ ဝန်းကျင်ရှိပါတယ်။  ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ကြိုတင်မဲပေးခဲ့ကြရကြောင်း မူဆယ်၊ နမ့်ခမ်းနဲ့ ကြူကုတ် (ပန်ဆိုင်း) တို့မှ ကျောင်းသူ၊ ကျောင်းသားဟောင်း သုံးဦးထံက သိရပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ် မဲဆန္ဒနယ် ၇ နေရာမှာ  တိုက်ပွဲဖြစ်နေတဲ့အတွက် ကျောင်းသူ၊ ကျောင်းသားတချို့ကတော့ မဲပေးခွင့် မရခဲ့ကြောင်း သိရပါတယ်။ ကြိုတင်ဆန္ဒမဲပေးခြင်းပတ်သက်ပြီး ဩဂုတ် ၂၁ ရက်က အွန်လိုင်းဆွေးနွေးရာမှာ မြန်မာ သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းတွေ၊ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၇၂ ဦးပါဝင် တက်ရောက်ပါတယ်။ ဒီနောက် မြန်မာသံရုံးသို့ အဆိုပြုပုံစံ ၁၅ ပေးပို့သူတွေအထဲမှာ မြန်မာသံရုံးမိသားစု ၆ ဦး၊ အစ္စရေးရောက် မြန်မာနိုင်ငံသား ၁၁ ဦး၊ သင်တန်းသားတွေထဲက  Ramat Negev က ၅၂ ဦး၊ Aarava က ၄၀ ဦး၊ Ben Gurion University က ၁ ဦး၊ ဆိုက်ပရပ်စ်က ၂ ဦး၊ ပေါင်း ၁၁၂ ဦးဖြစ်ကြောင်း သံမှူးကြီး ဦးဇော်ဇော်စိုးက ပြောပါတယ်။ စတုတ္ထအကြိမ် ကယ်ဆယ်ရေးလေယာဉ်ကို စက်တင်ဘာ ၅ ရက်က  ပို့ဆောင်ခဲ့ပြီး ပဉ္စမမြောက် အာမန် - ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်နဲ့ ချိတ်ဆက်ပြန်သန်းပေးမယ့် တဲလ်အဗီး - ရန်ကုန် ခရီးစဉ်ကို စက်တင်ဘာ ၁၃ ရက်နေ့ ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။ အစ္စရေးနိုင်ငံရှိ စိုက်ပျိုးရေးသင်တန်းကျောင်းတွေမှာ တက်ရောက်နေတဲ့ မြန်မာ ကျောင်းသားတွေအပြင်  မြေထဲပင်လယ်ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာသင်္ဘောသားတွေလည်း နေရပ်ပြန်ဖို့ အခက်အခဲများစွာ ဖြစ်နေကြောင်း တဲလ်အဗီးဗ်မြို့ရှိ မြန်မာသံရုံးရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ သတင်း- Pra Jaw
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024