ပေါက်တောဆေးရုံ၌ ကိုဗစ်-၁၉ လူနာ ၃၅ ဦးရှိလာသဖြင့် ယာယီဆေးရုံပြင်ဆင်
DVB
·
September 9, 2020
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ ပြည်သူဆေးရုံမှာ ကိုဗစ်-၁၉ လူနာ ၃၅ ဦးအထိ ရှိလာနေတဲ့အတွက် ယာယီဆေးရုံကြိုတင်ပြင်ထားကြောင်း ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက ပြောပါတယ်။
"ကျနော်တို့ ပေါက်တောဆေးရုံက ၂၅ ကုတင်ဆေးရုံဆိုတော့ ဒီနေ့အထိလက်ရှိ လူနာ ၃၅ ဦးအထိရှိနေပြီ။ ဒါပေမဲ့ လူနာတွေထားဖို့ ဆေးရုံက စားရိပ်သာဆောင်မှာ ၁၅ ဦး ထားရှိနိုင်အောင် ရေမီးအစုံ ကြိုပြီးပြင်ဆင်ထားတာကြောင့် အဆင်ပြေခဲ့တယ်။ သို့သော် နောက်ထပ်လူနာတွေ ထပ်တိုးလာရင် လူနာ ၂၀ လောက်ထားရှိနိုင်မယ့် ယာယီဆေးရုံတစ်ခုတည်ဆောက်ဖို့ ICRC ကို ညွှန်ကြားပြီး ကြိုတင်တည်ဆောက်နေပါတယ်"လို့ ပြောပါတယ်။
လက်ရှိမှာ ပေါက်တောမြို့ပြည်သူဆေးရုံမှာ လူနာ ၃၅ ဦးအထိရှိပေမယ့်လည်း လောလောဆယ်မှာ အဆင်ပြေတယ်လို့ ပေါက်တောမြို့ ပြည်ဆေးရုံအုပ်ကြီး ဦးကိုကိုအောင် ပြောပါတယ်။
"လောလောဆယ်တော့ အဆင်ပြေနေပါတယ်။ နောက်ထပ်လူနာတွေ တိုးလာရင်လည်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရှိမှုတွေတော့ ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်း လုံလောက်မှု လည်း ရှိတယ်လို့ ပြောရတော့မှာပေါ့။ အခုလက်ရှိ ဆရာဝန် ၂ ဦးရှိတယ်။ ပေါက်တောမြို့ခံ ဆရာဝန်တစ်ဦး Volunteer လုပ်ဖို့ လာတယ်။ သူက စစ်တွေမှ Qမိနေပါတယ်။" လို့ ဆိုပါတယ်။
ပေါက်တောမြို့ခံ ဆရာဝန်တစ်ဦး ပေါက်တောမြို့အတွက် စေတနာဝန်ထမ်း ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ဖို့ လာရောက်စဉ် လူနာအမှတ် ၁၀၇၇နဲ့ လေယာဉ်တစ်စီးတည်း အတူလိုက်လာမိတဲ့အတွက် စစ်တွေမြို့သို့ ရောက်ရှိလာတဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်၊ သူနာပြု စုစုပေါင်း ၇ ဦးနဲ့အတူ စစ်တွေမြို့မှာ Quarantine ဝင်နေရတာ ဖြစ်ပါတယ်။
လက်ရှိ ပေါက်တောမြို့မှာ Facility Quarantine ထားရှိနိုင်တဲ့ နေရာ ဆေးရုံအပါအဝင် ၄ ခုသတ်မှတ်ထားပြီး (အထက) ပေါက်တော၊ ပေါက်တောမြို့နယ်ခန်းမ၊ ပေါက်တောမြို့ သာဿနဗိမ္မာန် တို့ဖြစ်ကာ လူဦးရေ ၁၀၀ ခန့် ရှိနေပြီး Home Quarantine ထားရှိထားသူ ၁၀၀ ကျော်ခန့်ရှိပါတယ်။
လက်ရှိပေါက်တောမြို့မှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး စျေးတွေကို နေ့တစ်ဝက်သာ ဖွင့်လှစ်ဖို့ အမိန့်ထုတ်ထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
သတင်း - လင်းလက်