သာစည်တွင် ကိုဗစ်-၁၉ လူနာအမှတ် ၁၃၂၁ ထံမှ နောက်ထပ် ၄ ဦး ရောဂါကူးစက်
DVB
·
September 9, 2020
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့မှာ လူနာအမှတ်စဉ် ၁၃၂၁ ကနေတဆင့် ကူးစက်ခံရသူ ၄ ဦးထပ်တွေ့တာကြောင့် သာစည်မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူပေါင်း ၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံထွန်းက "ကိုဗစ်ရောဂါပိုး တွေ့ရှိသူနဲ့ ဆက်စပ်တဲ့ သူတွေကို Quarantine ထားပြီး အာခေါင်တို့ဖတ် ခေါင်းတို့ဖတ်တို့ကို ဓာတ်ခွဲပေးပို့ ခဲ့တာက နောက်ထပ် ၄ ဦးတွေ့တာပါ အဲဒီ ၄ ဦးနဲ့ ဆက်စပ်သူတွေကိုလည်း Quarantine ထားထားပါတယ်။ နောက်ထပ်မတွေ့ပါစေနဲ့လို့ ဆုတောင်းနေရတာပါပဲ"လို့ ပြောပါတယ်။
ကိုဗစ်လူနာအမှတ်စဉ် ၁၃၂၁ နဲ့ ထိတွေ့မိတဲ့ သူ့ရဲ့ ဇနီးဖြစ်သူနဲ့ ၉ နှစ်အရွယ် သားဖြစ်သူ အပြင် ဆိုင်ဝန်ထမ်း ၂ ဦး စုစုပေါင်း ၄ ဦး ထပ်မံ ကူးစက်ခံရပါတယ်။
ကိုဗစ်လူနာ အမှတ် ၁၃၂၁ ရဲ့ ဇနီးနဲ့ ထိတွေ့မိသူ ၇ ဦး၊ သာစည်မြို့ အမှတ် ၃ ရပ်ကွက်နေ ဆိုင်ဝန်ထမ်း ၁ ဦးနဲ့ ထိတွေ့သူ ၇ ဦး၊ အမှတ် ၆ ရပ်ကွက်နေ ဆိုင်ဝန်ထမ်းနဲ့ ထိတွေ့သူ ၁၁ဦး တို့ကို တချို့ကို Home Quarantine ထားရှိပြီး တချို့ကို ဝန်ထမ်းအိမ်ရာ Quarantine မှာထားရှိပါတယ်။ positive ကိုဗစ်လူနာ ၅ ဦးကတော့ သာစည်ဆေးရုံမှာထားရှိ ဆေးကုသမှု ခံယူနေပါတယ်။
ပရဟိတအကျိုးဆောင် ကိုထွန်းထွန်းလင်းက "ဝန်ထမ်းအိမ်ရာ Quarantine စင်တာမှာ အရင်က ၂၁ ဦးရှိတယ်။ အခု ၂၁ ဦး ထပ်ထားတယ်။ ပေါင်း ၄၂ ဦးပေါ့ သာစည်ဆေးရုံမှာ ၅ ဦးထားထားတယ် အားလုံး ဝိုင်းပြီး ကူညီမှ ဖြစ်မယ်" လို့ ပြောပါတယ်။
သာစည်က ကိုဗစ်လူနာအမှတ်စဉ် ၁၃၂၁ ဟာ အင်းစိန်မြို့ ကြို့ကုန်းမီပွိုင့်အနီးမှာ ဖုန်းပြင် သင်တန်း တက်ရောက်ရာက ကိုဗစ်လူနာအမှတ်စဉ် ၁၁၅၂ ဆီက ကူးစက်လာတယ်လို့ သိရပါတယ်။
သြဂုတ်လ ၂၆ ရက်နေ့မှာ ရန်ကုန်က ပြန်လာခဲ့ပြီး မိမိကိုယ် မိမိ သံသယရှိတာကြောင့် သာစည်ဆေးရုံမှာ အာခေါင်နဲ့ နှာခေါင်းတို့ဖတ် ဓာတ်ခွဲနမူနာရယူစေခဲ့ပါတယ်။
စက်တင်ဘာ ၆ ရက်မှာတော့ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်ရ-၁၉ ရောဂါ တွေ့ရှိတယ်လို့ ကြေညာခဲ့ပြီး အဆိုပါ လူနာ အပါအဝင် ၂၂ ဦးကို Quarantine ထားရှိရာက ဓာတ်ခွဲနမူနာရယူ စစ်ဆေးရာ နောက်ထပ် ၄ ဦး တွေ့ရှိခဲ့တာပါ။
သတင်း-မောင်မောင်လင်း