ကိုဗစ်ကာလ ရခိုင်စစ်ဘေးရှောင်များကို တစ်အိမ်ထောင်လျှင် ငွေကျပ် ၄၀၀၀၀ ထောက်ပံ့မည်
ဝဏ္ဏခွာညို
·
September 9, 2020
ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေ အတွက် ကိုဗစ်-၁၉ ကပ်ဘေးအကျပ်အတည်းကာလအတွင်း အဆင်ပြေစေဖို့ နိုင်ငံတော်က အိမ်ထောင်စု တစ်စုကို ငွေကျပ် ၄၀၀၀၀ စီ ထောက်ပံ့ပေးသွား မယ်လို့ သိရပါတယ်။
ဒီအစီစဉ်ဟာ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ ထောက်ပံ့သွားမှာဖြစ်ပြီး စက်တင်ဘာ ၇ ရက်က စတင်ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။
“ပုံမှန်ထောက်ပံ့နေတဲ့ ဆန်ရိက္ခာတွေရှိတယ်။ လစဉ်ထောက်ပံ့ပေးနေတဲ့ ဆန်ရိက္ခာတွေ ရှိပါတယ်။ ထပ်ပြီးတော့ တိုးလာတဲ့ စစ်ဘေးရှောင်တွေအတွက် ၂ ပတ်စာ ထောက်ပံ့တာတွေ ရှိတယ်။ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ စစ်ဘေးရှောင် စခန်းတွေမှာ ရှိတဲ့ အိမ်ထောင်စု တစ်စုလျှင် ငွေ လေးသောင်းကျပ်နှုန်း ထောက်ပံသွားမှာပါ၊ အခုလေးသောင်းပေးဖို့ အစီအစဉ် အခုစပြီးတော့ ကျနော်တို့ဆောင်ရွက်နေပါပြီ”လို့ပြောပါတယ်။
လက်ရှိမှာလည်း ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ စစ်ဘေးရှောင်စခန်းတွေကို ကိုယ်တိုင်ကိုယ်သွားရောက်ပြီး ဆန်အိတ် ၄၀၀၀ ကျော်သွား ရောက်ပေးပို့သွားပြီး ရသေ့တောင်မြို့ဘက်ကို ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်အတွက်ဒီကနေ့ မနက်ပိုင်းသွားရောက် ထောက်ပံ့နေတယ်လို့ ဦးရဲမင်းဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေအတွက် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံ နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ခရိုင်တချို့ကို စတင်ထောက်ပံ့နေပြီလို့ ဦးရဲမင်းဦးက ပြောပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၂၀၀၀၀၀ ကျော်ရှိလာပြီးလို့ ရခိုင်အရပ်ဖက်လူမှုအဖွဲ့တွေက ထုတ်ပြန် ထားပါတယ်။
ဒါပေမဲ့ ပြည်နယ်အစိုးရရဲ့ ကောက်ယူထားတဲ့ စာရင်းနဲ့ကွာဟနေတာကြောင့် ဒုက္ခသည်တွေကို ငွေကြေးထောက်ပံ့တဲ့အခါမှာ စာရင်းလွဲမှားမှု မရှိစေဖို့ လိုအပ်တယ်လို့ ရခိုင် တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။