အဂတိမှုဖြင့် တရားစွဲခံထားရသည့် ရဲအုပ်ဟောင်း ဦးချစ်ကိုကို ကိုရုံးထုတ်
DVB
·
September 8, 2020
ဟာသသရုပ်ဆောင် အောင်ရဲထွေးသေဆုံးတဲ့ အမှုမှာ လာဘ်ယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ တရားစွဲဆိုခံထားရတဲ့ ရဲအုပ်ဟောင်း ဦးချစ်ကိုကို ကို စက်တင်ဘာ ၈ ရက်နေ့က ရန်ကုန်တိုင်းတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
ဒီနေ့ရုံးချိန်းမှာတော့ နှစ်ဖက်ရှေ့နေတွေက ပြန်လှန်စစ်မေးမှာ ဖြစ်ပေမယ့် မစစ်ဖြစ်ပဲ တရားရုံးက ရုံးချိန်းပဲ ပေးခဲ့တယ်လို့ ဦးချစ်ကိုကိုရဲ့ ရှေ့နေက ပြောပါတယ်။
ဦးချစ်ကိုကိုဟာ ဒီအမှုနဲ့ ပတ်သက်ပြီး ရဲလုပ်ထုံးလုပ်နည်းနဲ့ အညီ မဆောင်ရွက်တဲ့အတွက် ရာထူးနဲ့ အခွင့်အာဏာ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ ပြစ်မှုနဲ့ လာဘ်စားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်။
ရဲအုပ်ဟောင်း ဦးချစ်ကိုကို ကတော့ လာဘ်ယူခဲ့ခြင်းမရှိသလို အမှုကိုလည်း ခိုင်မာစွာတည်ဆောက်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ရုံးချိန်းတွေတုန်းက တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။
လာမယ့် ရုံးချိန်းကိုတော့ စက်တင်ဘာ ၂၂ ရက်နေ့ကို ချိန်းဆိုထားပြီး ဦးချစ်ကိုကို ကို နှစ်ဖက်ရှေ့နေတွေက ဆက်လက်ပြီး ပြန်လှန်မေးခွန်းတွေ မေးမြန်းသွားမယ်လို့ သိရပါတယ်။
သတင်း - နူးရာ