Home
မြန်မာသတင်း
မြေပုံမြို့နယ် ညောင်ကန်ရွာတွင် လက်နက်ကြီးကျည်ထိမှန်ပြီး လူ ၄ ဦး သေ၊ ၈ ဦးဒဏ်ရာရ
DVB
·
September 8, 2020
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းမြို့အနီးရှိ ညောင်ကန်ကျေးရွာမှာ စက်တင်ဘာ ၈ ရက်မနက်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး လူ ၄ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိသွားတယ်လို့ ကျေးရွာနေပြည်သူတွေက ပြောပါတယ်။ ဒဏ်ရာရသူ တွေထဲက လူ ၄ ဦး ကမ်းထောင်းကြီးမြို့ဆေးရုံမှာ ဆေးကုသဖို့ ရောက်ရှိနေပြီး ၁ ဦးမှာ ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာရရှိထားတယ်လို့ မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း  ဦးရန်နိုင်စိုးက ပြောပါတယ်။ “ဒီနေ့ ၁၀ နာရီလောက်က အမ်းမြို့နယ်၊ ကဇူးကိုင်း ကျောက်ဆည်တောင်ဆိုတာ ရှိတယ်။ အဲဒီမှာတပ်စွဲထားတဲ့ စစ်တပ်ကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်တယ်။ အဲဒီအသံကို ကျနော်တို့ ကမ်းထောင်ကြီးက ကြားရတယ်။ ကျနော်တို့ကတော့ ဘယ်ဘက်ကို ပစ်တာလဲဆိုတာကို မသိဘူး ပေါ့။ ခဏနေတော့ ကျနော်တို့ဆီကို ဖုန်းလာတယ်။ ဒဏ်ရာရနေကြပြီ၊ သေနေကြပြီ ဆိုပြီးတော့ ပြောလာလို့ ကျနော်တို့ ကမ်းထောင်းကြီးနာရေးအသင်းက ကားတွေနဲ့သွားယူကြတော့ ညောင်ကန် ကနေပြီး လူနာတွေ လာပို့ကြတယ်။ သေတဲ့လူတွေထဲမှာတော့ ပေါက်တူးတောင်ကလည်း ပါတယ်။ ရူးကလည်း ပါတယ်လို့ သိရတယ်။” မြေပုံမြို့နယ် ညောင်ကန်ကျေးရွာကို တပ်မတော်မှ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး လူ ၄ ဦး သေဆုံးကာ လူ ၈ ဦး ဒဏ်ရာရရှိသွားတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီနဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို ဆက်သွယ်မေးမြန်းလို့  မရခဲ့ပါဘူး။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင့်တပ်တော်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာတာ ၂ နှစ်ဝန်းကျင်ရှိလာပြီးနောက် အရပ်သား ထိခိုက်သေဆုံးတာတွေ မကြာခဏ ရှိနေပါတယ်။ ဒေသခံပြည်သူတွေကတော့ တပ်မတော်က ကျေးရွာတွေကို ပစ်ခတ်တာလို့ စွပ်စွဲပြောပေမဲ့  တပ်မတော်သတင်းမှန်ပြန်ကြားအဖွဲ့က ဗိုလ်ချုပ်ထွန်းထွန်းညီကတော့ တပ်မတော်အနေနဲ့ ကျေးရွာတွေနဲ့ ပြည်သူတွေကို ပစ်ခတ်တာမရှိဘူးလို့ ပြောဆိုထားပါတယ်။ သတင်း- နောင်နောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024