တောင်ကြီးမြို့ Quarantine စင်တာရှိ စောင့်ကြည့်လူနာ ၁ ဦးသေဆုံး
DVB
·
September 8, 2020
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အ.ထ.က ၅ Quarantine စင်တာမှာ ထိုင်းနိုင်ငံက ပြန်လာတဲ့ စောင့်ကြည့်လူနာ ၁ ဦး ဒီနေ့ မနက်ပိုင်းက သေဆုံးသွားပါတယ်။
ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက “မနေ့က သူနည်းနည်းမောလာတယ်။ အဲ့ဒါနဲ့ စဝ်စံထွန်းဆေးရုံကို ပို့လိုက်တယ်။ ဆရာဝန်ကြီးတွေက လိုအပ်တာတွေကုသပေးတယ်၊ ဓာတ်ခွဲနမူနာ တခါထဲယူလိုက်တယ်။ ဒီနေ့ မနက် ၇ နာရီခွဲမှာ ဆုံးသွားတယ်။ ဓာတ်ခွဲနမူနာတော့ ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနကို ပို့လိုက်ပြီ”လို့ ပြောပါတယ်။
စဝ်စံထွန်းဆေးရုံမှ သမားတော်ဆရာဝန်ကြီးများ စစ်ဆေးတွေ့ရှိချက်အရ လူနာဟာ အဆုတ်ရောင်တာတွေ၊ မွေးရာပါနှလုံးရောဂါ အခံရှိတာတွေ၊ နှလုံးကြွက်သားကြီးတာတွေ၊ အဆုတ်ပိုး ဝင်တာနဲ့ အသည်းရောင်တာတွေ စတဲ့ ရောဂါရှိတယ်လို့သိရပါတယ်။
သေဆုံးသူဟာ အမျိုးသားဖြစ်ပြီး ထိုင်းကနေ မြဝတီကို နယ်စပ်ဝင်ပေါက်မှပြန်လာပြီး စက်တင်ဘာလ ၄ ရက်နေ့က တောင်ကြီးကိုရောက်ရှိတာ ဖြစ်ပါတယ်။
ရောက်ရောက်ချင်းမှာလည်း အဖျားရှိနေလို့ စဝ်စံထွန်းဆေးရုံကိုပြပေးပြီးမှ Quarantine Center ကို ဝင်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က သေဆုံးသွားတဲ့ တောင်ကြီးတက္ကသိုလ် Quarantine စင်တာမှာမှာ Quarantine ဝင်နေသူအမျိုးသမီးရဲ့ ဓာတ်ခွဲအဖြေဟာ ကိုဗစ်-၁၉ ရောဂါပိုးမရှိဘူးလို့ သိရပါတယ်။
သတင်း- ခွန်ရာဇာ