သင်္ဃန်းကျွန်းတွင် ကိုဗစ်-၁၉ ကျန်းမာရေးစစ်တမ်းကောက်ယူ
ဆုဆုသွယ်
·
September 8, 2020
ကိုဗစ်-၁၉ အတည်ပြုလူနာအများဆုံး တွေ့ရှိထားတဲ့ မြို့နယ်တွေထဲမှာ ပါဝင်တဲ့ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်မှာ ဒီနေ့မနက်က မိုဘိုင်းယာဉ်တွေနဲ့ ကျန်းမာရေးစစ်တမ်း ကောက်ယူခဲ့ပါတယ်။
ကျန်းမာရေးစစ်တမ်း ကောက်ယူတာကိုတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အများဆုံး တွေ့ရှိထားတဲ့ ရပ်ကွက်တွေနဲ့ ရခိုင်ပြည်နယ်က ပြန်လာသူတွေအများဆုံးနေထိုင်ပြီးပိုးတွေ့ထားတဲ့ ရပ်ကွက် ၁၀ ခုမှာ ကောက်ယူနေတာဖြစ်ပါတယ်။
စစ်တမ်းကောက်ယူရာမှာ Social distancing နဲ့အညီဆောင်ရွက် နေတာဖြစ်ပြီး ပြည်သူတွေကို ကျန်းမာရေးဝန်ထမ်းတွေက ကိုယ်အပူချိန်တိုင်းတာတွေနဲ့ ရောဂါလက္ခဏာတွေနဲ့ပတ်သက်ပြီး မေးမြန်းတာတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒါ့အပြင် ရက်သတ္တပတ်အတွင်းမှာ ဖျားနာမှုရှိခဲ့ပြီးတော့ လက်ရှိမှာ ပျောက်ကင်းနေတဲ့သူ တွေရှိရင်လည်း နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေ ရယူစစ်ဆေးပေးသွားမှာဖြစ်ပါတယ်။
အခုလို ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ကျန်းမာရေးစစ်တမ်းကောက်ယူတာကိုတော့ သင်္ဃန်းကျွန်းမြို့နယ်အပြင် ပိုးတွေ့လူနာများနေတဲ့ တာမွေ၊ တောင်ဥက္ကလာ၊ သာကေတ စတဲ့ မြို့နယ်တွေမှာလည်း အခုတစ်ပတ်အတွင်း ကောက်ယူသွားမှာဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - ဆုဆုသွယ်