ထိုင်းနိုင်ငံဘက် တရားမဝင် ဝင်ရောက်လာသူ မြန်မာ ၂ ဦးကို ကင်းလှည့်တပ်ဖွဲ့ ဖမ်းဆီး
DVB
·
September 8, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ကနေ မယ်ဆိုင်ဘက်ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံထဲ တရားဝင် ဝင်ရောက်လာတဲ့ မြန်မာအမျိုးသား ၂ ယောက်ကို ထိုင်းကင်းလှည့်တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ တယ်လို့ သည်နေးရှင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ချင်းရိုင်ခရိုင်ထဲမှာ စက်တင်ဘာလ ၇ ရက်နေ့က ဖြစ်ခဲ့တာ ဖြစ်ပြီး လတ်တလော မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုတွေ မြင့်တက်နေတဲ့ အခြေအနေကြောင့် ထိုင်းဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေ မရှိစေရေးအတွက် နယ်စပ်လုံခြုံရေးတွေ တိုးမြှင့်ထားခဲ့ရချိန်မှာ ဖမ်းဆီးနိုင်ခဲ့တာပါ။
ဖမ်းမိခဲ့တဲ့ မြန်မာ ၂ ယောက်ရဲ့ နာမည်တွေကိုတော့ ထိုင်းအသံထွက်နဲ့ စိုင်းအောင်ခမ်း( ၂၀ နှစ်)နဲ့ စိုင်းလူ(၃၀ နှစ်)လို့ ဖော်ပြထားပါတယ်။
စိုင်းအောင်ခမ်းကတော့ သူဟာ တာချီလိတ်ကနေ ချူလာလောင်ကွန်တက္ကသိုလ်မှာ ပညာဆက်သင်နိုင်ဖို့ ခုလိုဖြတ်ကျော်ခဲ့ရတာဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ဖို့အတွက် ပွဲစားခ ဘတ် ၄,၀၀၀ ပေးခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။
တချိန်တည်းမှာပဲ စိုင်းလူကတော့ သူ့အနေနဲ့ ထိုင်းနိုင်ငံမှာ အလုပ်ရှာဖို့အတွက် ခု လိုလုပ်ခဲ့ရတာဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ဖို့အတွက် မြန်မာနယ်စပ်ဂိတ်ဝန်ထမ်းတွေကို ဘတ် ၁၇,၄၀၀ ပေးခဲ့ရတယ်လို့ ထွက်ဆိုပါတယ်။
လက်ရှိမှာတော့ သူတို့ ၂ ယောက်စလုံးကို ချင်းရိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ရုံးကို ပို့ဆောင်ထားခဲ့ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူဆောင်ရွက်ပြီး မြန်မာနိုင်ငံ ဘက်ကို ပြန်ပို့နိုင်ဖို့ စီစဉ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သတင်း- ဓာတ်ပုံ- The Nation