Home
မြန်မာသတင်း
လယ်ယာကဏ္ဍတိုးတက်ရေး အကျိုးတူဆောင်ရွက်ရန်လို
DVB
·
June 24, 2013
လယ်ယာကဏ္ဍဖွံ့ဖြိုးမှုအားနည်နေတဲ့ မြန်မာနိုင်ငံမှာ  အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ ပေါင်းစည်းလယ်ယာ (contract farming) စနစ်က လယ်ယာကဏ္ဍဖွံ့ဖြိုးမှုကို အမြန်ဆုံးတိုးတက်အောင် လုပ်ဆောင်နိုင်တဲ့ ကုထုံးတမျိုးဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက ပြောပါတယ်။ အခုလို လယ်ယာကဏ္ဍဖွံ့ဖြိုးမှု အားနည်းနေတဲ့ မြန်မာနိုင်ငံမှာ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ contract farming စနစ်က လယ်ယာကဏ္ဍကို အမြန်ဆုံး တိုးတက်အောင် လုပ်ဆောင်နိုင်တဲ့ ကုထုံးတမျိုးပါ။ ဒါ့အပြင် ပါဝင်သူအားလုံးကိုလည်း နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့အကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က အခုလို ပြောပါတယ်။ “ကျနော်တို့ အခုလို လယ်ယာကဏ္ဍဖွံ့ဖြိုးမှုအနေအထား အားနည်းနေတဲ့အချိန်မှာ contract farming လုပ်တာက လယ်ယာကဏ္ဍဖွံ့ဖြိုးမှုကို အမြန်ဆုံး တိုးတက်အောင်လုပ်နိုင်တဲ့ ကုထုံးတခုပဲပေါ့နော်။ လယ်ယာကဏ္ဍနဲ့ ပတ်သက်လာရင် contract farming က ဘာပဲပြောပြော စနစ်တကျနဲ့ ပုံဖော်မယ်ဆိုရင် လယ်သမားကော contract farming လုပ်တဲ့ ကုမ္ပဏီကော နှစ်ဖက်စလုံးအတွက် win-win အကျိုးရှိအောင် ဖော်ဆောင်နိုင်ရင် လယ်ယာကဏ္ဍကို အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်တဲ့ ဆေးကောင်းတလက်ပဲ။ အဲ့ဒါကြောင့် ကျနော်တို့က contract farming ကို ဆန်စပါးအထူးပြုကုမ္ပဏီတွေက လုပ်ဖို့နဲ့ အခြားကုမ္ပဏီတွေနဲ့ စက်ပိုင်ရှင်တွေက လုပ်ဖို့အတွက် အဓိကအားပေးချင်တယ်။” ဒါအပြင် ပြည်ပကကုမ္ပဏီတွေအနေနဲ့လည်း မြန်မာနိုင်ငံရဲ့လယ်ယာကဏ္ဍမှာ contract farming လုပ်ဆောင်နိုင်ဖို့အတွက် ရန်ကုန်မြို့မှာ ဇွန် ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်မှာ အခုလိုတင်ပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ “ပြည်ပကကုမ္ပဏီတွေလည်း မြန်မာနိုင်ငံမှာ contract farming လုပ်ချင်တယ်ဆိုရင် ပြည်တွင်းမှာရှိတဲ့ ဆန်စပါး အထူးပြုကုမ္ပဏီတွေ၊ စက်ပိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်လို့ရတယ်ဆိုတာကို တင်ပြ ဆွေးနွေးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ contract farming လုပ်မှ လယ်ယာကဏ္ဍက အချိန်တိုအတွင်းမှာဖွံ့ဖြိုး တိုးတက်မှာဖြစ်တယ်။ တကယ်လို့ contract farming မလုပ်ဘူးဆိုရင် လယ်သမားတွေအတွက် ဈေးကွက်ကလဲ မသေချာဘူး။ ပြီးတော့ သူတို့စိုက်လိုက်တဲ့ သီးနှံတွေကို ထွက်တဲ့အချိန်မှာ အာမခံ ဈေးနှုန်းတခုနဲ့ ပြန်ရောင်းဖို့ သေချာမှုမရှိရင် လယ်သမားအတွက် ဖွံ့ဖြိုးမှုက နှေးတာပေါ့နော်။ အဲ့ဒါကြောင့် ကျနော်တို့က contract farming ကို မြန်မာပြည်မှာ လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံဖို့အတွက်လည်း ဖိတ်ခေါ်ခဲ့ပါတယ်။” ဒီဖိုရမ်ကို နိုင်ငံတကာမှာရှိတဲ့ လယ်ယာကဏ္ဍလုပ်ငန်းခွင်နဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်နေကြတဲ့သူတွေ အများဆုံးတက်ရောက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့လယ်ယာကဏ္ဍအပေါ် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက စုစုပေါင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏရဲ့ ၁ ရာခိုင်နှုန်းတောင် မရှိတာကြောင့် လယ်ယာကဏ္ဍအပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်လာမှာကို ကြိုဆိုတဲ့အကြောင်းနဲ့ ပြည်တွင်းမှာရှိတဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေနဲ့ ဖက်စပ်ဆောင်ရွက်မယ်ဆိုရင် လယ်ယာကဏ္ဍက အချိန်တိုအတွင်းမှာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်သွားမှာဖြစ်တယ်လို့ ဦးရဲမင်းအောင်က ပြောပါတယ်။ ဒါပေမယ့် contract farming ကို ဖော်ဆောင်တဲ့နေရာမှာ လုပ်တက်ကိုင်တက် ကွပ်ကဲမှုကောင်းဖို့ လိုအပ်တယ်လို့ သိရပါတယ်။ တကယ်လို့ ကွပ်ကဲမှုက အားနည်းခဲ့ရင် လယ်သမားတွေအဖို့ လယ်ယာမြေ ဆုံးရှုံးသွားတဲ့ကိစ္စတွေ လယ်မြေကို အခြားနည်းနဲ့ အသုံးပြု သွားတဲ့ ကိစ္စတွေက ရှိခဲ့လို့ပါ။ ဒါကြောင့် တာဝန်ရှိတဲ့အသင်းအဖွဲ့တွေ၊ INGO နဲ့ NGO တွေ အစိုးရအဖွဲ့အစည်းတွေက ဒါကိုကြပ်မတ်ဖို့လိုတဲ့အပြင် စာချုပ်ချုပ်ဆိုတဲ့နေရာမှာလည်း ခိုင်လုံမှုရှိအောင်လုပ်ဖို့ လိုပါတယ်လို့ သူက အခုလို ပြောခဲ့တာပါ။ လတ်တလောမှာတော့ ပြည်တွင်းက ဆန်စပါးအထူးပြုကုမ္ပဏီတခုဖြစ်တဲ့ ကဉ္စနကျွန်းသာကုမ္ပဏီက contract farming စနစ်နဲ့ မြစ်ဝကျွန်းပေါ်ဒေသရှိ ဓနုဖြူမှာ ဆင်းသွယ်လတ်မျိုးစပါးကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ပေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံဆီ မကြာသေးခင်က တင်ပို့ခဲ့တဲ့ ဆန်တန်ချိန် ၅၀၀၀ ကလည်း ဆင်းသွယ်လတ် စပါးဖြစ်တာကြောင့် ထွက်ရှိလာတဲ့စပါးက ဆန်ထွက်အရည်အသွေး ကောင်းလို့ အကျိုးအကြေထွက်ရှိမှုကို လျှော့နည်းစေပါတယ်။ ဒါ့ကြောင့် ရရှိတဲ့အကျိုးအမြတ်က အများကြီးပဲလို့ ဦးရဲမင်းအောင်က ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024