ရေတွင်းထဲပြုတ်ကျသည့် အဘွားအိုကို ရေစကြို မီးသတ်တပ်ဖွဲ့ ကယ်ဆယ် (ဓာတ်ပုံ)
DVB
·
September 7, 2020
မကွေးတိုင်း ရေစကြိုမြို့ အမှတ် ၅၊ ရွာဘိုး ရပ်ကွက်မှာ ဒီနေ့မနက် ၄ နာရီလောက်က ရေတွင်းထဲ ပြုတ်ကျသွားတဲ့ အသက် ၇၀ အရွယ်ရှိတဲ့ အဘွားအိုတဦးကို မီးသတ်တပ်ဖွဲ့က ကယ်တင်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးအရာရှိက ပြောပါတယ်။
အဘွားအိုဟာ ရေတွင်းမှာ ရေငင်နေချိန် ခြေချော်ကာ အရှိန်လွန်ပြီး အနက်ပေ ၃၅ ကျော်ရှိ ရေတွင်းထဲ ပြုတ်ကျခဲ့တာလို့ ရေစကြိုမြို့မီးသတ်ဦးစီးအရာရှိ ဦးညီညီအောင်က ပြောပါတယ်။
"အမေအိုက တစ်ယောက်တည်းနေတာပါ။ ရေတွင်းမှာ ရေတင်မော်တာ တပ်ဆင်ထားတယ်။ အမေအိုက ရေတင်မော်တာကို အသုံးမပြုဘူး။ သားဖြစ်သူကလည်း နေ့စဉ် ရေတင်ထားပေးထားပါတယ်။ သားသမီးတွေ အိမ်ထောင်သည်ဆိုတော့ကာ အိမ်ခွဲနေကြတယ်။ ရေတင်ထားတဲ့ရေက အေးလွန်းလို့၊ ရေဟောင်းဖြစ်လို့ သူကိုယ်တိုင် မနက်တိုင်း ရေတွင်းက ရေကိုငင်ပြီး တွင်းရေနွေးနွေးလေးနဲ့ မျက်နှာသစ် ဘာညာလုပ်ပြီး ဘုရားရှိခိုးလေ့ နေ့စဉ်ရှိတယ်။ မနက်က ၄ နာရီကျော်က ရေငင်နေစဉ် ခြေချော်ပြီး အရှိန်လွန်ပြုတ်ကျသွားတယ်။"
အသက် ၇၀ အရွယ် ဒေါ်စန်း ရေတွင်းထဲပြုတ်ကျတာကို တဝိုင်းတည်းနေ အိမ်နီးချင်း ဆွေမျိုးတဦးက မြင်ပြီး မီးသတ်ဦးစီးဌာနကို အကြောင်းကြားခဲ့လို့ အချိန်မီကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရေတွင်းထဲပြုတ်ကျတာကြောင့် လက်ဖနှောင့်၊ ဒတောင်ဆစ်၊ ပခုံး၊ ခြေဖနှောင်တို့မှာ အနည်းငယ်မျှသာ ထိခိုက်ပွန်းပဲ့ ဒဏ်ရာရရှိခဲ့ပြီး မီးသတ်ဦးစီးဌာနက ရှေ့ဦးသူနာပြုစုနည်းနဲ့ ဆေးလိမ်ပြုစုဆောင်ရွက်ပေးပြီး သက်သာသွားတာကြောင့် ဆေးရုံမပို့တော့ဘူးလို့ သိရပါတယ်။
ကိုလင်း(ချောက်)