Home
ဆောင်းပါး
ကယားလွှတ်တော်၊ ဝန်ကြီးချုပ်နှင့်  စွပ်စွဲပြစ်တင် သင်ခန်းစာ
နော်နိုရင်း
·
September 7, 2020
ဝန်ကြီးချုပ်ဟောင်း  ဦးအယ်လ်ဖောင်းရှိုအနေနဲ့ လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့လို့ စွပ်စွဲပြစ်တင်ခံရတာဖြစ်ပြီး ဒါဟာ နောင်တက်လာမယ့်သူတွေအတွက် သင်ခန်းစာဖြစ်တယ်လို့  ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးက ပြောကြားလိုက်ပါတယ်။ “ကယာဒေးမြေကိစ္စဆိုရင် ဒါအကြီးကြီးလေ။ Public ဧရိယာကြီးလေ။ ဒါတောင်မှ လွှတ်တော်ကို သူ ဂရုမစိုက်လို့ သူကျရှုံးသွားတာပေါ့။ တကယ်ဆိုရင်ဒါလည်း နောင်တက် လာမယ့် လူတွေအတွက်ကို ဒါသင်ခန်းစာ ဖြစ်သွားတာပေါ့။ ကျနော့်အနေနဲ့အားမရဘူးဆိုတာက နောက်ဆုံး အပြန်အလှန်ပေါ့။ ကျနော်တို့ ပေးတဲ့စာကို မအားဘူးဆိုရင် မအားတဲ့အလျှောက်၊ ဖြေရှင်းပြီးပြီဆိုတဲ့ စာကိုတော့ ပြန်သင့်တာပေါ့။ အဲလိုမျိုး မပြန်တဲ့အတွက်ကို နစ်နာသွားတဲ့လူတွေ အများကြီးရှိပါတယ်။ ” လွိုင်ကော်မြို့ရှိ အများပြည်သူပိုင်မြေနေရာဖြစ်တဲ့ ကယားဒေးကွင်း အတွင်းက ဟိုတယ်နဲ့ ရေလွှာလျှောစီးလုပ်ငန်း စီမံကိန်းကို ဖယ်ရှားပေးဖို့  လွှတ်တော်မှာ  အဆို တင်သွင်းမှု အောင်မြင်ခဲ့ပါတယ်။ ဒီအဆိုအောင်မြင်သွားတဲ့ ကယားဒေးမြေနေရာနဲ့ပတ်သက်ပြီး သမ္မတရုံးအထိ တင်ပြခဲ့ပြီး သမ္မတရုံးကလည်း သူ့ဥပဒေ စည်းမျဉ်းစည်းကမ်းနဲ့အညီအောင် ဆောင်ရွက်ဖို့ အချက် ၄ ချက်ကို ချပေးခဲ့ပါတယ်။ ဒါပေမဲ့ ဦးအယ်ဖောင်းရှိုအနေနဲ့ သမ္မတညွှန်ကြားချက်ထဲက ၂ ချက်ကိုသာ လုပ်ဆောင်ခဲ့ပြီး သက်ဆိုင်ရာလွှတ်တော်ကိုနဲ့ ညှိနှိုင်းဆောင်ရွက်တာမျိုး မလုပ်ခဲ့ဘူးလို့ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။ “ကယားပြည်နယ်နေ့နဲ့ တဆက်စပ်ထဲမြေနေရာနဲ့ ပတ်သက်ပြီးမှအဆိုလည်းပဲ ကျနော်တို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့နေရာမှာ အောင်မြင်ခဲ့ပြီးမှ ကယားပြည်နယ်အစိုးရအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၅၈ (က) အရ ပြန်လည်ဆက်သွယ်မှုမရှိဘူး။ ဒါကလည်း ကျနော်တို့ ကယားပြည်နယ်လွှတ်တော်အနေနဲ့ လွှတ်တော်အကြီးအမှူး လက်မှတ်နဲ့ ဒီလိုဒီလိုလုပ်ဖို့ သူတို့ကို ညှိနှိုင်း အကြောင်းကြားတယ်ပေါ့။ ကျနော်တို့ညှိနှိုင်းအကြောင်းကြားမှုကို အကြောင်းပြန်ခြင်းမရှိဘဲနဲ့ နောက်ဆုံးအခုလက်ရှိအဆိုတင်ပြီးမှ ဝန်ကြီးချုပ်အပေါ်ကို ကျနော်တို့ ပြစ်တင်ရှုတ်ချခြင်းနဲ့ လုပ်လိုက်ရတာပေါ့။ နောက်ဒါနဲ့ပတ်သက်ပြီးမှလည်း ကျနော်က သမ္မတရုံးကို သဝဏ်လွှာ ပေးပို့ခဲ့သေးတယ်။ သမ္မတရုံးကလည်း ကျနော်တို့ကိုတော့ ပြန်ကြားပြီးပြီ။ သမ္မတရုံးလုပ်တာကတော့ ကျနော့်ရှုထောင့် ကနေမှန်တယ်။ မှန်တယ် ဆိုတာက လူကြီးမိဘ တယောက်အနေနဲ့ မျှမျှတတလေးကို အချက် ၄ ချက် ရေးပေးလာတယ်။ ရေးပေးလာတဲ့နေရာမှာ ဝန်ကြီးချုပ်က သူလိုချင်တဲ့ ၂ ချက်ကိုပဲ စွဲပြီးမှလုပ်သွားတဲ့အပိုင်း ဖြစ်တယ်။” သမ္မတက လမ်းညွှန်ချက်နဲ့အညီလုပ်ဆောင်ဖို့ဆိုပြီး ဦးအယ်လ်ဖောင်းရှိုက အဆိုပါမြေနေရာ ကို စည်ပင်ပိုင်မြေနေရာ အဖြစ်ပြောင်းပြီး အရင်လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီတွေကပဲ အမည်ပြောင်းပြီး ပန်းခြံနဲ့ ဆိုင်ခန်းတွေတည်ဆောက်နေတာကြောင့် လွှတ်တော်ကိုယ်စားလှယ်ဘက်က စာပို့ ကန့်ကွက်မှု တွေရှိခဲ့ပေမယ့် အကြောင်းပြန်စာမရခဲ့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင်   ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က စက်ယန္တရားငှားရမ်းခငွေတွေကို သီးခြားရန်ပုံငွေ ထားရှိကာသုံးစွဲခဲ့မှုတွေကြောင့်လည်း  ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲ ပြစ်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးက  “နောက်အခုန ယန္တရားကိစ္စပေါ့။ ဒါလည်းပဲ အမှန်မှာက သူလူကြီးတယောက်ဖြစ်လို့ရှိရင် ဒီငွေက ဘယ်က ရတာလဲ။ ဒီငွေကို ငါဘာလုပ်သင့်လဲ သူစဉ်းစားရမယ်လေ။ ရလာတဲ့ငွေကို ငါပဲ စိတ်ကြိုက်သုံး မယ်ဆိုတော့ သူခံသွားရတာလေ။ တကယ်သာ သူ့ဘေးမှာရှိတဲ့ ဥပဒေချုပ်တို့ဘာတို့ ဆိုလို့ရှိရင်လည်း ကောင်းကောင်းနားလည်မယ်ဆိုလို့ရှိရင်တော့ သူ အဲလောက်ထိဖြစ်မှာ မဟုတ်ဘူး ပေါ့။ သူကလည်းပဲ ရသမျှဟာက သူနဲ့ပဲ ဆိုင်တဲ့ပုံစံဖြစ်သွားတော့ နောက်ဆုံးဒီလိုဖြစ်သွားတယ်လို့ ကျနော်သုံးသပ်တယ်။ ”လို့ပြောပါတယ်။ စက်ယန္တရားငှားရမ်းခမှာ ၂၀၁၆ ဧပြီလကနေ  ၂၀၁၈ မေလဆန်းပိုင်းအထိ စက်ငှားရမ်းခနဲ့  အခြားရငွေ ကျပ်သိန်း  ၅,၆၇၃ ကျော်ရရှိရာ သုံးစွဲငွေ သိန်း  ၄,၈၅၁ ကျော်ရှိခဲ့တဲ့ အနက် ကျပ်သိန်း ၃၇၇ ကျော်ကို ကိုယ်ရေးကိုယ်တာအတွက်နဲ့  ၁၃ သိန်းကျော်ကို ပါတီအရေးကိစ္စအတွက် သုံးစွဲခဲ့ကြောင်း စာရင်းစစ်ချုပ်ရဲ့အစီရခံစာအရ သိရပါတယ်။ အဲဒီအသုံးစရိတ်ထဲက ၂၀၁၆ အတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ သမီးမင်္ဂလာဆောင်အတွက် ငွေကျပ် ၂ သိန်း၊ အန်အယ်လ်ဒီ ပါတီပုံမှန်အစည်းအဝေး တစ်ခုအတွက် သုံးစွဲငွေ ကျပ် ၁၀ သိန်း၊ ဦးထွန်းကျော်ဆိုသူရဲ့ သားမင်္ဂလာဆောင်အတွက် လက်ဖွဲ့ငွေကျပ်  ၅၀၀၀၀ အပါအဝင် တခြားကိုယ်ရေးကိုယ်တာနဲ့ ပါတီလုပ်ငန်းတွေအတွက် ပြည်နယ်ရန်ပုံငွေမှ သုံးထားကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။  အန်အယ်ဒီသဘာပတိအဖွဲ့ဝင် ဦးဝင်ထိန် ကယားပြည်နယ်ကို လာရောက်စဉ်က ဧည့်ခံကြွေးမွေးစရိတ် ၃ သိန်း၊ ဦးဝင်းထိန်နဲ့အဖွဲ့ကို  လက်ဆောင်ပစ္စည်းပေးတာ ၃၅၀၀၀ အသုံးပြု ထားပါတယ်။  ဒါ့အပြင် အဆိုပါ စက်ယန္တရားတွေကို ပြင်ဆင် ထိန်းသိမ်းစရိတ်အတွက် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေရဲ့ ငွေလုံးငွေရင်းအသုံးစရိတ် စက်ကိရိယာတန်ဆာပလာငွေစာရင်း ခေါင်းစဉ် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကျပ်သန်း ၅၀ သုံးစွဲထားသလို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာလည်း ကျပ်သန်း ၄၀ ခဲ့ကြောင်းလည်း  ပြည်နယ်စာရင်စစ်ချုပ်အစီရင်ခံစာအရ သိရပါတယ်။ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကတော့ စွပ်စွဲချက်မှာ ပါဝင်တဲ့ စက်ယန္တရားကိစ္စ၊ မြေနေရာကိစ္စတို့နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး၊ ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ် စာရင်းစစ်ချုပ် ရုံးရဲ့ အကြံပြုချက်တွေအပေါ် အလေးထားလိုက်နာ ဖော်ဆောင်ပြီးဖြစ်တယ်လို့ စက်တင်ဘာ ၁ ရက် လွှတ်တော် အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ “စက်ယန္တရားနဲ့ပတ်သက်ပြီး စာရင်းစစ်ဆေးမှု ခံယူထား ပြီးဖြစ်တဲ့အပြင် စာရင်းစစ် အစီရင်ခံစာ ထွက်ရှိပြီးတဲ့ ကိစ္စဖြစ်ပါတယ်။ စာရင်းစစ်အစီရင်ခံစာပါ အကြံပြုချက် များ ပေါ်မှာလည်း ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အလေးထား လိုက်နာ၍ ပြီးပြတ်အောင် ဆောင်ရွက်ပြီး တဲ့ ကိစ္စလည်းပါတယ်။” ကယားဒေးကွင်းမြေနေရာအနီးရှိ မြေနေရာကို စီမံခန့်ခွဲတဲ့ကိစ္စဟာ ပြည်နယ်ရဲ့ စီမံခန့်ခွဲခွင့်မဟုတ်ဘဲ  ပြည်ထောင်စုက စီမံခန့်ခွဲရမှာ ဖြစ်တယ်၊ ဒါ့ကြောင့် ပြည်နယ် အစိုးရအနေနဲ့ နိုင်ငံတော် သမ္မတရုံးသို့ တင်ပြလမ်းညွှန်မှုခံယူခဲ့ပြီး နိုင်ငံတော် သမ္မတရုံးရဲ့ ညွှန်ကြားချက် ရရှိချိန်မှ စလို့လမ်းညွှန်ချက်အတိုင်း အလေးထားလိုက်နာဆောင်ရွက်ထားပြီးဖြစ်တယ်လို့လည်း   ဦးအယ်လ်ဖောင်းရှိုက လွှတ်တော်မှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၁ရက်က ကယားပြည်နယ်လွှတ်တော်မှာ ဦးအယ်လ်ဖောင်းရှိုကို  စွပ်စွဲပြစ်တင်ခဲ့မှုမှာ လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးအနက် ထောက်ခံမဲ ၁၆ မဲ ကန့်ကွက်မဲ ၄ မဲရရှိတာကြောင့်  ထောက်ခံမဲသုံးပုံနှစ်ပုံရရှိပြီး လွှတ်တော်က စွပ်စွဲပြစ်တင်မှုကိုအတည်ပြုကာ နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကလည်း   ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ဥပဒေနဲ့အညီ တာဝန်ကနေ ရပ်စဲကြောင်း စက်တင်ဘာလ ၃ ရက်မှာကြေညာခဲ့ပါတယ်။   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ခြင်း မရှိဘဲ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ လုပ်ဆောင်ခဲ့တာလို့  ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင် လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ်လျာထားတာမှာ မပါဝင်တဲ့အတွက် အလားတူ မပါဝင်တဲ့ အဖွဲ့ချုပ်ဝင် ကိုယ်စားလှယ်တွေနဲ့ အဖွဲ့ချုပ်ဝင် မဟုတ်တဲ့ တခြားအစုအဖွဲ့ဝင် ကိုယ်စားလှယ်တွေရဲ့ အင်အားကို ရယူပြီး အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးပုံရိပ်ကို ထိခိုက်စေမယ့် ဆောင်ရွက်မှုဖြစ်တယ်လို့ လည်း အန်အယ်လ်ဒီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်တဲ့ကိစ္စ  တစ်ဦးတစ်ဖွဲ့တည်းနဲ့ ဆောင်ရွက်လို့မရဘဲ စုပေါင်း ဆုံးဖြတ်တဲ့ ကိစ္စဖြစ်တယ်လို့ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက စက်တင်ဘာ ၅ ရက်က ဒေသခံ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံ  ရှင်းလင်းပြောကြားခဲ့ပါတယ်။ “ပြည်ခိုင်ဖြိုးရယ်၊ တပ်ရယ်၊ ကျနော်ရယ်၊ တိုင်းရင်းသားရယ်ပေါင်းရင်တောင်မှ မပြည့်သေး ပါဘူး။ မပြည့်သေးတဲ့အခါမှာ သူတို့အားလုံး ၁၆ မဲရတဲ့နေရာမှာက  အန်အယ်လ်ဒီ အဖွဲ့က ငါးမဲပါတယ်။ ဒါကတော့ သူတို့စဉ်းစားဖို့ သင့်တာပေါ့။ လက်ရှိအနေအထားမှာ ကျနော်တို့ ဘယ်လိုပြောမလဲ မှန်ကန်လို့ မဲပေးခဲ့တယ်လို့ ကျနော်မြင်တယ်ပေါ့။ ကျနော်တို့ ဒါကတော့ သူတို့အပိုင်းက ရှုံးနိမ့်သွားတဲ့အပေါ် အရေးယူမယ် ဘာမယ်ဆိုတာ မဝေဖန်ချင်ပါဘူး။ ဒါကသူတို့ရဲ့ စည်းကမ်းစည်းမျဉ်းအရ သူ့ရဲ့လုပ်ပိုင်ခွင့် ရှိတယ်ပေါ့။ ကျနော်ပြောပြချင်တာက ကျနော်တို့လွှတ်တော်ဥက္ကဋ္ဌက တစ်ယောက်တည်းကလည်း ဖြုတ်ချလို့မရဘူး။ ပြည်ခိုင်ဖြိုးက တစ်ဖွဲ့တည်း ဖြုတ်ချလို့မရဘူး။ စစ်တပ်ကလည်း တစ်ဖွဲ့တည်းနဲ့ ဖြုတ်ချလို့မရဘူး။ ကျနော်တို့ သုံးပုံ နှစ်ပုံရဖို့ဆိုတာအားလုံးပဲ လွှတ်တော်ထဲမှာ စုပေါင်းပြီးမှ ဆုံးဖြတ်တဲ့ကိစ္စဖြစ်တဲ့အတွက်ကို သမ္မတအနေနဲ့ တကယ် မှန်မှန်ကန်ကန်ဆုံးဖြတ်ပြီးမှ ဝန်ကြီးချုပ်ကို အနားပေးလိုက်တယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်” စွပ်စွဲပြစ်တင်ဖို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေရဲ့ လေးပုံတစ်ပုံက လက် မှတ် ရေးထိုးပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမှာဖြစ်ပေမယ့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်(ခ)စဲရယ်က နုတ်ထွက်သွားတဲ့ အတွက် လေးပုံတစ်ပုံ မပြည့်မီဘူးလို့ ဦးအယ်လ်ဖောင်းရှိုက ပြောပါတယ်။  ဒါ့အပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ရာမှာလည်း အဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင် ၁ ဦးတို့က တိုင်တန်းသူ ကိုယ်တိုင်ဖြစ်တဲ့အတွက်ကြောင့် စုံစမ်းစစ်ဆေးမှုက မှန်ကန်တဲ့ စစ်ဆေးမှုမဖြစ်နိုင်ဘူးလို့လည်း ဦးအယ်လ်ဖောင်းရှိုက ပြောဆိုခဲ့ပါတယ်။ ကယားပြည်နယ်ဝန်ကြီးချုပ်တာဝန်က ရပ်စဲတဲ့ကိစ္စမှာ  အစိုးရအနေနဲ့ အခြေခံဥပဒေအတိုင်း ဆောင်ရွက်ခဲ့တာဖြစ် တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာ ၄ ရက် သမ္မတအိမ်တော်မှာပြု လုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါ့အပြင်  ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို  ရာထူးကနေ မရပ်ဆိုင်းခင် လွှတ်တော်ရဲ ဆောင်ရွက်ချက်တွေအပေါ်မှာ ဖွဲ့စည်းပုံအခြေဥပဒေဆိုင်ရာခုံရုံးကို တင်ပေးဖို့ သမ္မတရုံးကို တင်ပြထားတာရှိတဲ့အတွက် ဒါကို အခြေခံဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင် ထားကြောင်းလည်း ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ နိုင်ငံတော် အခြေခံဥပဒေ ဆိုင်ရာ ခုံးရုံးသို့ တိုက်ရိုက်တွင်သွင်းခွင့်ရှိသူသည်  နိုင်ငံတော်သမ္မတ၊  ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတို့ကသာ ခုံးရုံးကို တိုက်ရိုက်တင်သွင်းခွင့်ရှိပါတယ်။ ဦးအယ်လ်ဖောင်းရှိုဟာ ဝန်ကြီးချုပ်တာဝန်ကနေ  ဖယ်ရှားခံခဲ့ရပေမယ့် ဥပဒေအရ ပြည်နယ်လွှတ်တော် အမတ်တစ်ဦးအဖြစ်ဆက်ရှိမှာဖြစ်တဲ့အပြင် လာမယ့် ရွေးကောက်ပွဲမှာ မယ်စဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကနေ အန်အယ်လ်ဒီကို ကိုယ်စားပြုပြီး ပြည်နယ်လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ လက်ရှိ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးကတော့ အန်အယ်လ်ဒီပါတီကနေ နုတ်ထွက်ထားပြီး  ပြည်နယ်လွှတ်တော်အတွက် ရှားတောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)ကနေ  တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ လက်ရှိ အန်အယ်လ်ဒီ အစိုးရလက်ထက်သက်တမ်း ၄ နှစ်တာကာလအတွင်းမှာ  မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး သမ္မတရဲ့ အမိန့်အရ ပထမဆုံးနုတ်ထွက်ခဲ့ရပြီး  ဧရာမတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီကတော့ ကျန်းမာရေးအရ နုတ်ထွက်ခွင့် ပြုခဲ့ကာ၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ကတော့ အဂတိလိုက်စားမှု ကြောင့် ထုတ်ပယ်ခံခဲ့ရ ပါတယ်။ လွှတ်တော်မှာ အယုံအကြည်မရှိ စွပ်စွဲပြစ်တင်ခံရတဲ့ ဝန်ကြီးချုပ် ၂ ဦးထဲက  ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့  ကန့်ကွက်သူများတဲ့အတွက် အဆိုအောင်မြင်ခဲ့ခြင်းမရှိခဲ့ဘဲ ကယားပြည်နယ်ဝန်ကြီးချုပ်  ဦးအယ်လ်ဖောင်းရှိုကတော့ ထောက်ခံမဲများတဲ့အတွက် စွပ်စွဲပြစ်တင်တဲ့ အဆိုအောင်မြင်ပြီး ရာထူးကနေ ပထမဆုံး ရပ်စဲခံရတဲ့ ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ကယားပြည်နယ်လွှတ်တော်မှာ  အန်အယ်လ်ဒီပါတီက ၁၀ ဦး၊ ကြံ့ခိုင်ရေးပါတီက ၄ ဦး၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ၁ ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ် ၅ ဦး စုစုပေါင်း ကိုယ်စားလှယ် ၂၀ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ခုလို အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေအများစုကြီးစိုးတဲ့ ကယားပြည်နယ်လွှတ်တော်မှာ အန်အယ်လ်ဒီပါတီက ခန့်ထားတဲ့ ဝန်ကြီးချုပ်တဦးကို စွပ်စွဲပြစ်တင်နိုင်ခဲ့တဲ့ မှတ်တမ်းတခုအဖြစ်လည်း ကျန်ရှိနေမှာဖြစ်ပါတယ်။  ဦးအယ်လ်ဖောင်းရှိုကတော့ ဒီဖြစ်စဉ်ဟာ သူ့ကို မဲဆွယ်ပေးလိုက်သလိုဖြစ်တယ်လို့ ယုံကြည်ထားတဲ့အကြောင်း ပြောဆိုထားပါတယ်။ သူယုံကြည်တဲ့အတိုင်း လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ လူထုရဲ့ဆန္ဒမဲတွေ ဘယ်လောက်ရမလဲဆိုတာနဲ့  ရွေးကောက်ပွဲမှာ သူနဲ့ သူ့ပါတီ အနိုင်ရခဲ့ရင်  ဝန်ကြီးချုပ်တာဝန် ပြန်ထမ်းဆောင်ခွင့်ရမလားဆိုတာတွေကတော့ ကယားပြည်သူတွေ စိတ်ဝင်စား စောင့်ကြည့်နေတဲ့ ကိစ္စဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024