Homeမြန်မာသတင်း
ပုသိမ်မြို့ ကမ်းနားလမ်းရှိ ကေတီဗွီဆိုင်ကို ရဲတပ်ဖွဲ့ဝင်ဖမ်း၊ ဆိုင်ရှင်အပါအဝင် ၁၂ ဦးဖမ်းမိ
ပုသိမ်မြို့ ကမ်းနားလမ်းရှိ ကေတီဗွီဆိုင်ကို ရဲတပ်ဖွဲ့ဝင်ဖမ်း၊ ဆိုင်ရှင်အပါအဝင် ၁၂ ဦးဖမ်းမိ
DVB
·
September 7, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ကမ်းနားလမ်းရှိ မြတ်ရွှေစင် ကေတီဗွီဆိုင်ကို စက်တင်ဘာ ၅ ရက်နေ့က ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးပြီး ဆိုင်ရှင်အပါအဝင် ၁၂ ဦးကို ဖမ်းဆီး အရေးယူလိုက်တယ်လို့ သိရပါတယ်။
ပုသိမ်ခရိုင်ရဲတပ်ဖွဲ့က ဒုရဲမှူး တင်ထွဋ် အပါအဝင် သက်သေတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က နေ့လည် ၂ နာရီအချိန်မှာ ဆိုင်ရှင် ၁ ဦး၊ မန်နေဂျာ ၁ ဦးအပါဝင် အလုပ်သမား ၁၂ ဦးကို ဖမ်းမိခဲ့တယ်လို့ ပုသိမ်နယ်မြေရဲစခန်းမှူး ရဲအုပ် ထွန်းထွန်းဝင်းက ပြောပါတယ်။
"သတင်းအရ ကျနော်တို့ ဝင်ရှာတာပါ၊ ဆိုင်ရှင်ရယ် မန်နေဂျာနဲ့ ဝန်ထမ်းတွေအပါအဝင် ၁၂ ဦးကို ဖမ်းမိခဲ့ပါတယ်။ ကေတီဗွီနဲ့ အနှိပ်ခန်းတွဲဖွင့်ထားတာတွေ့ ရတယ်၊ အားလုံးကိုတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေနဲ့ အမှုဖွင့်စစ်ဆေးနေပါတယ် " လို့ ပြောပါတယ်။
ကေတီဗွီဆိုင်ကို သတင်းအရ ဝင်ရောက်ရှာဖွေစဉ် သီချင်းဖွင့်သံကြားရလို့ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေရာ ဆိုင်ရှင်နဲ့ မန်နေဂျာ အပါအဝင် ဆိုင်ဝန်ထမ်း ၁၀ ဦးကိုဖမ်းမိခဲ့ပြီး ဆိုင်ကို လာသီချင်းဆိုတဲ့သူတွေကိုတော့ ဖမ်းမိခဲ့တာမရှိဘူးလို့ ဆိုပါတယ်။
ဖမ်းမိခဲ့တဲ့သူတွေကိုတော့ ပုသိမ်နယ်မြေရဲစခန်းမှာ (ပ)၄၁၇/၂၀၂၀၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ မှာ ၃ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပုသိမ်မြို့မှာ ဩဂုတ် ၂ ရက်နေ့က အမှတ် ၁၅ ရပ်ကွက် ကေတီဗွီဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဖမ်းမိသူ ၁၂ ဦးကို ထောင်ဒဏ် ၂ လစီ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)