ဒေါ်အောင်ဆန်းစုကြည် ကော့မှူးခရီးစဉ်ဖျက်သိမ်း
DVB
·
September 7, 2020
စက်တင်ဘာ ၈ ရက်နေ့မနက် ကော့မှူးမြို့နယ်ကိုသွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မနက် အွန်လိုင်းကပြုလုပ်တဲ့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။
“ကျမက မူလက ဒီနေ့ညနေဆို ရန်ကုန်ဆင်းပြီး မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးကို ဆင်းဖို့ရော၊ နောက် ဆိပ်ကြီးခနောင်တိုမှာလည်း နိုင်ငံတော် အလုပ်တခုလုပ်ဖို့ရှိပါတယ်။ အဲဒါကို ကျန်းမာရေးဝန်ကြီးက ခရီးသွားတာ သဘောမတူဘူးဆိုလို့ ကျမ ဒါကို ဖျက်သိမ်းလိုက်ပါတယ်။ ဒီအချိန်မှာ အဓိကက ကျမတို့နိုင်ငံမှာ အာဏာအရှိဆုံးက ကျန်းမာရေးဝန်ကြီးဌာနဖြစ်တယ်။ အဲဒီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို ကျမတို့ တိတိကျကျလိုက်နာဖို့ လိုတယ်။ ကျန်းမာရေး ဝန်ကြီးဌာနက သဘောမတူတဲ့ကိစ္စတွေကို ကျမတို့ မလုပ်ဖို့ဘဲ။”
ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ သူ့ရဲ့ နေအိမ်ခြံဝင်းထဲမှာ ကြီးကြပ်သူတဦး ကိုဗစ်-၁၉ ရောဂါ တွေ့တာနဲ့ ပတ်သက်ပြီးလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်းပန်လိုက်ပါတယ်။
“ကျမကတော့ ပုဂ္ဂိုလ်ရေးအရ ပြောချင်တာ တစ်ခုရှိပါတယ်။ ကျမ ရန်ကုန်က ခြံထဲကလည်း တစ်ယောက် Positive တွေ့တယ်ဆိုတာလည်း ကျမ တောင်းပန်ပါတယ်။ သိ်ပ်ကို အားနာတာပဲ။ ဒါကတော့ ကျမက ပုဂ္ဂိုလ်ရေးအရ ပြောတာပါ။ ဒါပေမဲ့ ကျမတို့ အစိုးရအနေနဲ့တော့ ဒီရောဂါရလို့ဆိုပြီး ဘယ်သူ့ကိုမှ အပြစ်မမြင်ပါဘူး။ အပြစ်လည်း မဆိုပါဘူး အရေးကြီးတာ ရောဂါတွေ့တဲ့လူတွေကို မြန်မြန်ရှာပြီး မြန်မြန် ကုသမှုပေးဖို့၊ ဒါမှပဲ ရောဂါ ပြန့်ပွားရေးကို ထိန်းချုပ်နိုင်မှာပါ။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်တွေ စတင်ခွင့်ပြုတဲ့ စက်တင်ဘာ ၈ ရက်မနက်မှာ ပါတီဆိုင်းဘုတ်ထောင်ဖို့အတွက် ကော့မှူးမြို့နယ်ကို သွားရောက်ဖို့ မူလက စီစဉ်ထားတာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် သူ့ကိုအားပေးထောက်ခံတဲ့ ပြည်သူတွေအနေနဲ့ ကော့မှူးကို လိုက်မလာကြဖို့ လည်းပန်ကြားထားပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၈ ရက်နေ့ မနက် ၈ နာရီမှာ ကိုယ်ရှိနေတဲ့နေရာ၊ နေထိုင်တဲ့ နေအိမ် ၊ ခြံဝင်း၊ ကား၊ မော်တော်ဆိုင်ကယ်၊ စက်ဘီးနဲ့ ဆိုက်ကားစတာတွေပေါ်မှာ အန်အယ်လ်ဒီပါတီ အလံထူကြဖို့လည်း ပါတီထောက်ခံသူတွေကို ဆော်ဩထားပါတယ်။