သိမ်းဆည်းလယ်တွင် ထွန်ယက်ခွင့်ရရေး တောင်သူများ တောင်းဆို
DVB
·
June 21, 2013
စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင်အနီးက သိမ်းဆည်းခံ လယ်ယာမြေတွေပေါ်မှာ ပြန်လည်ထွန်ရက်ခွင့်အတွက် လယ်သမားတွေဟာ မုံရွာခရိုင်တရားရုံးမှာ သွားရောက်အရေးဆိုခဲ့ပါတယ်။
သီးနှံ လျော်ကြေးသာပေးခဲ့ပြီး မြေယာအတွက်လျော်ကြေး ပေးထားတာ မရှိတဲ့အတွက် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ လက်ဝယ် ပြန်လည်ထွန်ယက်ခွင့်ရဖို့နဲ့ သူတို့ အပေါ်စွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်းပေးဖို့ တောင်သူ ၄၂ ဦး မနေ့က မုံရွာ ခရိုင်တရားရုံးကို သွားရောက် တောင်းဆိုခဲ့ပါတယ်။
မုံရွာ ခရိုင်တရားရုံးက ဒီကိစ္စကို ဆားလင်းကြီးမြို့နယ်တရားရုံးမှာ သွားရောက်တောင်းဆိုဖို့ ပြောကြားခဲ့တဲ့အတွက် တောင်သူတွေက ဆားလင်းကြီးတရားရုံးမှာ သွားရောက်တောင်းဆိုခဲ့တယ်လို့ ဒီကိစ္စကို သွားရောက် သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက် မတင်မာဆွေက ပြောပါတယ်။
“မုံရွာခရိုင်တရားသူကြီးက ဒီမှာလုပ်ရင် ဆားလင်းကြီးမှာပြန်လုပ်ပါဆိုလို့ မနေ့က ဆားလင်းကြီးတရားသူကြီးက အထက်က လက်သင့်ခံရမလား၊ လက်သင့်မခံရမလား မေးပြီးမှ လက်သင့်ခံဆိုမှ ခံမယ်ဆိုပြီး ပြန်ပြောလိုက်တယ်တဲ့။ နောက် ထွန်ယက်ခွင့်အတွက် အမျိုးမျိုး တရားစွဲနေလို့ အဲအမှု မြန်မြန်ပြတ်အောင် ဖြတ်ပေးပြီး လယ်ယာမြေကို လက်ဝယ်ပြန်အပ်ဖို့အတွက်၊ သူတို့ အဲ့မြေကို ဆက်ထွန်မယ်ဆိုပြီး လာတောင်းဆိုကြတာ၊ ဒီအမှုကို အမြန်ဆုံး လာတောင်းဆိုတာပေါ့။”
ဒီကိစ္စအတွက် ဆားလင်းကြီးတရားရုံး တရားသူကြီးက အထက်က ညွှန်ကြားချက်ကို မေးမြန်းရာမှာ ဖြစ်ပြီး အထက်က လက်ခံဖို့ ညွှန်ကြားရင် လက်ခံမှာဖြစ်သလို ဇွန် ၂၁ ရက်နေ့မှာ အကြောင်း ပြန်ကြားဖို့ ပြောဆိုခဲ့ပေမယ့် အခုထိ အကြောင်းပြန်ကြားခြင်းမရှိဘူးလို့ မတင်မာဆွေက ရှင်းပြပါတယ်။
၂၀၁၁ ခုနှစ် ဇွန်နဲ့ ဇူလိုင်လက မိုးကြိုးဆာလဖျူရစ် အက်စစ်စက်ရုံအနီးက လယ်ယာမြေ ၁၃၄ ဧက ပေါ်မှာ ၀င်ရောက်ထွန်ယက်ခဲ့တဲ့ တောင်သူ ၂၆ ဦးကို စက်ရုံတာဝန်ရှိသူက တရားလိုလုပ်ပြီး ဆားလင်းကြီးမြို့နယ် တရားရုံးမှာ ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။
စွဲဆိုထားတာ ၂ နှစ်ကြာပြီ ဖြစ်ပေမယ့် တစုံတရာ အမိန့်ချမှတ်ခဲ့ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။လယ်သမားတွေကလည်း ဓားမဦးချလုပ်ကိုင်စားသောက်လာတဲ့ ဘိုးဘွားပိုင် လယ်မြေတွေပေါ်မှာ ၀င်ရောက် ကျူးကျော်တဲ့အတွက် စက်ရုံကို ပြန်လည်တရားစွဲခဲ့ပါတယ်။