Home
မြန်မာသတင်း
ကယားစည်ပင်၏ မြေယာရှုခင်းလုပ်ငန်းစရိတ် ကျပ်သန်း ၈၁၀ ကျော် လွှတ်တော် ဖြတ်တောက်
နော်နိုရင်း
·
September 7, 2020
မြေယာရှုခင်းလုပ်ငန်းဆောင်ရွက်ဖို့အတွက် ငွေလုံးငွေရင်းအသုံးစာရိတ်အဖြစ်   ကယားပြည်နယ်စည်ပင်သာရေးအဖွဲ့က ကျပ်သန်း ၈၁၀ ကျော် တောင်းခံထားတာကို ပြည်နယ်လွှတ်တော်က ဖြတ်တောက်လိုက်ပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်ရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း) မှာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရဲ့ ငွေလုံးငွေရင်းအသုံးစရိတ်အဖြစ် မြေယာရှုခင်းပြုလုပ်တဲ့ လုပ်ငန်းအတွက် ကျပ် ၈၁၀ ဒသမ ၂ ၁၅ သန်းတောင်းခံထားတာပါ။ ဒါနဲ့ပတ်သက်ပြီး စက်တင်ဘာ ၃ ရက်က ပြုလုပ်တဲ့ ကယားပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ဖြတ်တောက်လိုက်တာပါ။ အဆိုပါ မြေယာရှုခင်းလုပ်ငန်းဟာ ၂၀၂၀-၂၁ ခု ဘဏ္ဍာနှစ်ငွေလုံးငွေရင်း ရန်ပုံငွေမှာ လျာထားပြီးဖြစ်သလို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အထွေထွေပိုလျှံရန်ပုံငွေ (GRF) မှာလည်း ရန်ပုံငွေကို လွန်ကျူးစွာ သုံးစွဲထားကြောင်း ကယားပြည်နယ် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးအဖွဲ့က လွှတ်တော်မှာ အစီရင်ခံခဲ့ပါတယ်။ ဒါ့အပြင် မြေယာရှုခင်းလုပ်ငန်းမှာ ဒေသခံ လုပ်ငန်းရှင်တွေ ဆောင်ရွက်နိုင်ဖို့ အခွင့်အရေး နည်းပါးတာ၊ မြေယာရှုခင်းလုပ်ငန်းထက် အာဆီယံအသန့်ရှင်းဆုံးမြို့တော်ဆု ရရှိထားတဲ့ မြို့အနေနဲ့ မြို့သန့်ရှင်းသာယာလှပရေးနဲ့ သဘာဝအလှအပတွေ မပျောက်ပျက်အောင် ဦးစားပေး ဆောင်ရွက်သင့်တယ်လို့ ပြည်သူ့ငွေစာရင်းက အကြံပြုထားပါတယ်။ “လက်ရှိမြန်မာနိုင်ငံသည် ချမ်းသာကြွယ်ဝသည့်နိုင်ငံ မဖြစ်သေးသည်နှင့်အမျှ ပြည်သူ့ဘဏ္ဍာ ငွေသုံးစွဲရာတွင် အမှန်တကယ်လိုအပ်ပြီး ဖွံ့ဖြိုးတိုးတက်မှုမရှိသေးသော အခြားပိုမိုအရေးကြီးသော နေရာဒေသများ၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွင်သာ အဓိကသုံစွဲဆောင်ရွက်ရန်လိုအပ်ကြောင်း ”ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးအဖွဲ့အစီရင်ခံစာမှာ အကြံပြုထားပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)ပါ ပြည်နယ်အစိုးရ အဖွဲ့အောက်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တန်ဖိုးနည်းအိမ်ရာ ၃၅ လုံးဆောက်လုပ်ဖို့ ငွေလုံးငွေရင်းအသုံးစရိတ်အဖြစ် တောင်းခံထားတဲ့ ငွေကျပ်  ၂၈၇  သန်း ကိုလည်း ဖြတ်တောက်ဖို့လည်း ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးအဖွဲ့က အစီရင်ခံထားပါတယ်။ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ဝေကတော့ တန်ဖိုးနည်းအိမ်ရာ  ၃၅ လုံး ကိစ္စနဲ့ပတ်သက်ပြီး ဘတ်ဂျက်မဖြတ်တောက်ဖို့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ဖြေရှင်း ဆွေးနွေးခဲ့ပါတယ်။ “တန်ဖိုးနည်းအိမ်ရာ ၃၅ လုံးဟာ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ ဆွေးနွေးတင်ပြခဲ့တဲ့ အဖွဲ့အစည်းများအတွက် ရည်ရွယ်တောင်းခံခြင်း မဟုတ်ပဲနဲ့ ပြည်နယ်မှာရှိတဲ့ ပြည်နယ်ကျောင်းများကို ရပ်ဝေးကနေ လာရောက်တာဝန်ထမ်းဆောင်တဲ့ ဆရာ ၊ ဆရာမတွေအတွက် နေထိုင်ရန်၊ တစ်မြို့နယ်မှာ ၅ လုံးနှုန်းနဲ့ နေအိမ်တည်ဆောက်ပေးရန် ရည် ရွယ်တောင်းခံခြင်းဖြစ်ပါတယ်။ ပညာရေးဦးစီးဌာန ပြည်ထောင်စုဘတ်ဂျက်မှာ တင်ပြတောင်းခံခွင့်မရတဲ့အတွက် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေါင်းစဉ်နဲ စီမံကွပ်ကဲပေးနိုင်ဖို့ ပြည်နယ်ဘတ်ဂျက်မှာ ထည့်သွင်းရခြင်းဖြစ်ပြီးတော့ အကျိုးရှိမှုကတော့ ပြည်နယ်မှာရှိနေတဲ့ ရပ်ဝေးမှာတာဝန် ထမ်းဆောင်နေတဲ့ ဆရာဆရာမများ မျက်နှာမငယ်စေရန် ဖြည့်စွက် တည်ဆောက်ပေးလိုခြင်းကြောင့် လိုအပ်ချက်အရ ယခင်နှစ် တောင်းခံတင်ပြခြင်းဖြစ်ပါကြောင်း၊ ပညာရေးဝန်ထမ်းတွေကို ငဲ့ညှာသောအားဖြင့် မဖြတ်တောက်သင့်ပါကြောင်း တင်ပြဆွေးနွေးအပ်ပါတယ်။ ”လို့ ဗိုလ်မှူးကြီးမြင့်ဝေက ပြောပါတယ်။ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီဝင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း (ခ) နော်အီးက ဗိုလ်မှူးကြီးမြင့်ဝေရဲ့ ပြန်လည်ဆွေးနွေးချက်ကိုကြိုဆို ထောက်ခံကြောင်းနဲ့ နောက်နောင် ဘတ်ဂျက် တင်တောင်းတဲ့အခါ တိကျခိုင်လုံတဲ့အ ကြောင်းပြချက်ပေးဖို့ ပြောဆိုခဲ့ပါတယ်။ “အခုနယ်စပ်ရေးရာဝန်ကြီး ကျနော်တို့ ဒီပြည်သူ့ငွေစာရင်းရဲ့အစီရင်ခံစာကို ပြန်လည်ဆွေးနွေးတာကို ကျနော်ထောက်ခံဆွေးနွေးပါတယ်။ ဒါပေမဲ့လို့  ကျနော် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မီတီအဖွဲ့ဝင်တဦးအနေနဲ့ အကြံပြုချင်တာက နောက်နောင်ဒီကိစ္စရပ်မျိုး မဖြစ်အောင် ဘတ်ဂျက်တင်တောင်းတဲ့အခါမှာ တိကျသော တည်နေရာ ခိုင်လုံသောအကြောင်းပြချက်နဲ့ တင်တောင်းပေးရင် ပိုကောင်းမယ်လို့ ” အကြံပြုထားပါတယ်။ ဒါကြောင့် တောင်းခံထားတဲ့ တန်ဖိုးနည်းအိမ်ရာ  ၃၅ လုံး ကျပ်  ၂၈၇ သန်းအား မူလဥပဒေကြမ်းပါအတိုင်းခွင့်ပြုပြီး  ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က တောင်းခံထားတဲ့  မြေယာရှုခင်းပြုလုပ်ခြင်းလုပ်ငန်းကျပ်  ၈၁၀ ဒသမ ၂၁၅ သန်းကိုတော့ ဖြတ်တောက် လျှော့ချကြောင်း  စက်တင်ဘာ ၃  ရက် ကျင်းပတဲ့ ကယားပြည်နယ်လွတ်တော်မှာ အတည်ပြုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024