Home
မြန်မာသတင်း
ရန်ကုန်တိုင်းအတွင်းရှိ စားသောက်ဆိုင်အားလုံး ပါဆယ်စနစ်ဖြင့်ရောင်းရန် ညွှန်ကြား
ပိုင်စိုး
·
September 7, 2020
ရန်ကုန်တိုင်းထဲမှာ ရှိတဲ့စားသောက်ဆိုင်တွေအားလုံး ပါဆယ်စနစ်နဲ့ပဲ ပြန်ရောင်းကြဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ညွှန်ကြားလိုက်ပါတယ်။ တိုင်းထဲမှာ ကိုဗစ်-၁၉ ပျံ့နှံ့တာကို ထိန်းချုပ်တာ အထောက်အကူဖြစ်ဖို့နဲ့ လူစုလူဝေးကို အတတ်နိုင်ဆုံးရှောင်ရှားနိုင်ဖို့ တိုင်းထဲမှာရှိတဲ့ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ ထမင်းဆိုင်တွေအနေနဲ့ စက်တင်ဘာ ၈ ရက်ကစလို့ ပါဆယ်စနစ်နဲ့ပဲ ရောင်းကြရမယ်လို့ဆိုပါတယ်။ နောက်ထပ်ညွှန်ကြားချက်တစုံတရာမရမချင်း ဆိုင်ထိုင်စနစ်နဲ့မရောင်းရဘူးလို့လည်း ညွှန်ကြားထားပါတယ်။ မြို့နယ်ကညွှန်ကြားစာရလို့ ဆိုင်တွေကို လိုက်ပြီး သတိပေး အကြောင်းကြားနေတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတယောက်က ပြောပါတယ်။ ကိုဗစ်-၁၉ လူနာအများအပြားကို ရန်ကုန်တိုင်းမှာတွေ့ပြီးနောက်ပိုင်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ ထမင်းဆိုင်တွေကို ပါဆယ်စနစ်နဲ့ပဲရောင်းဖို့ ညွှန်ကြားခဲ့ဖူးပြီး ပိုးတွေ့တာ ပြန်လျော့လာတဲ့အချိန်မှာ သက်ဆိုင်ရာ ကော်မတီတွေက လိုက်စစ်ပြီး သတ်မှတ်ချက်နဲ့ ညီတဲ့ ဆိုင်တွေကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ ရန်ကုန်တိုင်းထဲမှာ ပိုးတွေ့လူနာတွေ ပြန်များလာပြီးနောက်ပိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သာကေတမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ လှိုင်မြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တို့ကို Stay at Home အစီအစဉ်မှာ အကျုံးဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024