သူနာပြု ၂ ဦးအပါအဝင် ၃ ဦးကို စစ်တွေဆေးရုံမှ ဆင်းခွင့်ပြု
DVB
·
September 7, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ် ၁၉ လူနာ သူနာပြု ၂ ဦးအပါအဝင် ၃ ဦးဟာ ၂ ကြိမ်ဆက် ရောဂါပိုးမတွေ့ရှိရဘဲ ကျန်းမာလာတာကြောင့် စက်တင်ဘာ ၆ ရက် ညနေပိုင်းမှာ ဆေးရုံဆင်းခွင့်ပြုလိုက်ပြီလို့ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဒီ ၃ ဦးထဲမှာ သူနာပြု ၂ ဦးပါဝင်တယ်။ နောက်အမျိုးသား ၁ ဦးကတော့ စစ်တွေကပါ။ မနေ့ က ၁၀ ဦး ဒီနေ့ ၃ ဦး ရှိပါပြီ။ နောက်နေ့တွေမှာလည်း ရောဂါပိုး Double negative ပြပြီး ဆေးရုံမှာ ၁၄ ရက်ဆေးကုသမှုခံယူပြီး ဆက်တိုက် ဆင်းခွင့်ရမယ့် လူနာတွေလည်း ရှိနေပါသေးတယ်။ သူတို့ကိုတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း Home quarantine ၁၄ ရက် ဆက်ထားသွားပြီး စောင့်ကြည့်သွားမှာပါ။”
စစ်တွေပြည်သူဆေးရုံကြီးမှာ စက်တင်ဘာ ၅ ရက်နေ့အထိ ကိုဗစ်လူနာ ၂၇၆ ဦးထဲက ရောဂါသက်သာတဲ့ ၁၃ ဦးကို ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး လူနာ ၂၆၃ ဦးကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ကူးစက်နှုန်းမြင့်တက်လာနေတဲ့ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးဝန်ထမ်း ၄၇ ယောက် ရောဂါကူးစက်ခံထားရပြီး အဲဒီထဲက သူနာပြု ၂ ဦး ပထမဆုံး ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းခွင့် ရရှိခဲ့တာပါ။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ပိုးကူးစက်မှုဖြစ်ပွားနေတဲ့ မြို့နယ်ပေါင်း ၁၆ ခုအထိ ရှိလာနေပြီး ရမ်းဗြဲမြို့နယ်တခုတည်း ပိုးကူးစက်သူမရှိသေးဘူးလို့ သိရပါတယ်။
ဩဂုတ် ၁၆ ရက်နေ့ကနေ စက်တင်ဘာ ၆ ရက်အထိ ရခိုင်ပြည်နယ်အတွင်းက ပိုးတွေ့လူနာ ၅၀၀ ကျော် ရှိပြီး စစ်တွေမြို့က အများဆုံးဖြစ်ပါတယ်။
သတင်း - လင်းလက်၊ ဓာတ်ပုံ - ဒေါက်တာဇော်လွင်ဦး