လူနာအမှတ် ၁၁၅၅ တည်းခဲ့သည့် မြစ်ကြီးနားက ဟိုတယ်ကို Lockdown ချ
DVB
·
September 6, 2020
နေပြည်တော်က ကိုဗစ်-၁၉ လူနာအမှတ် ၁၁၅၅ လာရောက်တည်းခိုသွားတဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်က ဟိုတယ်ဟူးကောင်း (Hotel Hukaung) ကို စက်တင်ဘာ ၆ ရက်နေ့ညနေကစပြီး Lock down ချလိုက်တယ်လို့ သိရပါတယ်။
အဲဒီဟိုတယ်မှာ နေပြည်တော်က လူနာ အမှတ် ၁၁၅၅ နဲ့ အဖွဲ့ဟာ သြဂုတ် ၂၈ ရက်နေ့က လာရောက်တည်းခိုသွားတာလို့ တပ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘောက်နော်က ပြောပါတယ်။
“လူနာနံပါတ် ၁၁၅၅ နဲ့အတူ ၈ ယောက်အဖွဲ့ လာတည်းခိုသွားတယ်ဆိုတာကို တွေ့ရှိရတဲ့အတွက် ကျန်းမာရေးရှုထောင့်အရ ကိုဗစ်ဥပဒေအရ ဒီဟိုတယ်ကို Lock down ချလိုက်တာပါ။”
ဟိုတယ်မှာ လာရောက်တည်းခိုနေတဲ့ ဧည့်သည် ၃ ယောက်နဲ့အတူ ဟိုတယ်ဝန်ထမ်း ၁၅ ယောက်ကိုလည်း အဲဒီဟိုတယ်မှာ လောလောဆယ်ထားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
အဲဒီလူနာအမှတ် ၁၁၅၅ ဟာ နေပြည်တော်က ဇမ္ဗူသီရိမြို့နယ် ဆက်သွယ်ရေးဝန်ထမ်းတဦး ဖြစ်ပြီး မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တွေကို သွားရောက်ခဲ့သေးတယ်လို့ သိရပါတယ်။
လူနာအမှတ် ၁၁၅၅ အမျိုးသမီးဟာ ပြည်ပခရီးသွားရာဇဝင်မရှိသလို ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိခဲ့ဘဲ ဇမ္ဗူသီရိမြို့နယ် အသွားအလာကန့်သတ်ထားရာကနေ စက်တင်ဘာ ၅ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာပါ။
လက်ရှိမှာတော့ နေပြည်တော် ခုတင် ၁၀၀၀ ဆံ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။
မီးမီး