ရေးမြို့ရှိ ဘူတာရုံ ၅ ရုံတွင် ရထားစီးခရီးသည်များအား မှတ်တမ်းရယူ
DVB
·
September 6, 2020
နိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တိုးလာနေတာကြောင့် မွန်ပြည်နယ်အတွင်း ဖြတ်သန်းပြေးဆွဲနေတဲ့ ရန်ကုန်-မော်လမြိုင်-ရေး-လမ်းပိုင်းအတွင်း ရေးမြို့နယ်ရှိ ဘူတာရုံ ၅ ရုံမှာ ဆင်းသက်တဲ့ ရထားစီးခရီးသည်တွေကို ကျန်းမာရေးကြပ်မတ်စစ်ဆေးခြင်းနဲ့ ခရီးသွားမှတ်တမ်းရယူတာတွေ ဆောင်ရွက်နေပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ရေးမြို့နယ်အတွင်းက လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ရေးမြို့နယ်က ဘူတာတွေဖြစ်တဲ့ ပလိုင်ကီး၊ လမိုင်း၊ မော့ကနင်၊ တောင်ဘုံနဲ့ ရေးဘူတာတွေမှာ ဆောင်ရွက်နေတာပါ။
ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဦးထက်ဖြိုးဝေက “ဘယ်ကလာတယ်ဆိုတာ တိတိကျကျ မသိနိုင်ပေမယ့် ဘယ်သွားမယ်ဆိုတဲ့ မှတ်တမ်းကို ရယူတာပါ။ နောက်ဆုံး ထပ်ဝင်လာတဲ့ညွှန်ကြားစာအရ စစ်တောင်း၊ မုပ္ပလင်နဲ့ သိမ်ဇရပ်စခန်းတွေမှာ စစ်ပြီးတော့ သထုံ၊ ကျိုက်ထိုစခန်းတွေမှာ ၂၁ ရက်ထားပြီး ပြန်လွှတ်မယ်၊ ရထားနဲ့ကျတော့ မြို့နယ်မှာ ဖွဲ့စည်းထားတဲ့အဖွဲ့ကပဲ စစ်ဆေးဖို့ ညွန်ကြားထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မြို့နယ်အတွင်း စောင့်ကြည့်ရေးစခန်းဖွင့်လှစ်ထားခြင်းမရှိဘဲ ကန့်သတ်နယ်မြေတွေက ရထားစီးပြီး ကျွံဝင်လာသူတွေကို မော်လမြိုင်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့စခန်းတွေကို ပို့ဆောင်နေတယ်လို့ သူက ဆက်လက်ပြောကြားပါတယ်။
ရေးမြို့နယ် ကိုဗစ်ရောဂါထိန်းချုပ်ရေးနဲ့ ကူညီထောက်ပံ့ရေးအဖွဲ့မှ ဦးအောင်နိုင်ဝင်းက “အထွက်ဂိတ်တွေနဲ့ အဝင်ဂိတ်တွေမှာ ခရီးသွားရာဇဝင်တွေကို လုပ်ဖို့လိုတယ်၊ ဒါမှအကြောင်းရှိလာရင် လိုက်ဖို့လွယ်မှာ၊ တိတိကျကျ လုပ်ဆောင်နေတာကို သိပ်မတွေ့ရဘူး။ ကားတွေကတော့ ကျနော်တို့မြို့နယ်ကို ဝင်နေတုန်းပဲ၊ ဝင်လာမယ့်သူတွေအားလုံးကို ကျနော်တို့မြို့မှာ အရပ်ဘက်အဖွဲ့တွေနဲ့ပေါင်းပြီးတော့ စနစ်တကျစစ်ဆေးဖို့ လိုအပ်လာပြီလို့ တိုက်တွန်းလိုပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရေးမြို့နယ်အတွင်း ဒီနေ့အချိန်အထိ ကိုဗစ်ရောဂါဖြစ်ပွားမှုမရှိသေးဘဲ ပြီးခဲ့တဲ့လ နောက်ဆုံးပတ်က ရေးမြို့နယ်၊ လမိုင်းမြို့ သင်တန်းတခုကို လာရာက်ကူညီခဲ့တဲ့ လူနာအမှတ် ၈၂၂ နဲ့ ထိတွေ့သူ ၄၁ ဦးကို ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာမှာတော့ စက်တင်ဘာ ၄ ရက်နေ့နဲ့ ၅ ရက်နေ့ ထုတ်ပြန်ချက်တွေအရ ရောဂါပိုးမတွေ့ခဲ့ရပါဘူး။
သတင်း - ဝင်းနိုင်သက်