ရခိုင်ပြည်နယ်တွင် ကျန်းမာရေးဝန်ထမ်း ၄၇ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရ
ပိုင်စိုး
·
September 6, 2020
ကိုဗစ်-၁၉ ကူးစက်နှုန်းမြင့်တက်လာနေတဲ့ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးဝန်ထမ်း ၄၇ ယောက် ရောဂါကူးစက်ခံထားရပြီလို့ ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူတယောက်က ပြောပါတယ်။
ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “မနေ့ကအထိတော့ ၄၇ ယောက် ကူးစက်ခံထားရပါတယ်။ စစ်တွေ၊ ကျောက်ဖြူ၊ ပေါက်တော၊ မြောက်ဦးနဲ့ သံတွဲမြို့တို့ကပါ” လို့ ပြောပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေဟာဟာ ရောဂါကူးစက်ခံထားရပေမယ့် လူနာတွေ ကုသရာမှာ လိုအပ်တာတွေကို လုပ်ဆောင်ပေးနေတယ်လို့လည်း သူက ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်မှာ ယာယီတာဝန်ထမ်းဆောင်ကြဖို့ ဆန္ဒအလျောက် စာရင်းပေး ပြောင်းရွှေ့ကြတဲ့ အထူးကုဆရာဝန်ကြီးတွေအပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၂၈ ယောက်ဟာ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ ပေါက်တောနဲ့ မာန်အောင်မြို့တို့မှာ တွဲဖက်တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။
ညွှန်ကြားရေးမှူး ၂ ယောက်၊ ဒုတိယညွှန်ကြားရေးမှူး ၂ ယောက်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ၂ ယောက်၊ ရောဂါဗေဒအထူးကုဆရာဝန်ကြီး ၁ ယောက်၊ လက်ထောက်ညွှန်ကြားရေးမှူး ၁ ယောက်၊ လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) ၃ ယောက်၊ လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) ၃ ယောက်၊ လက်ထောက်ဆရာဝန် (ရောဂါဗေဒ) ၁ ယောက်၊ လက်ထောက်ဆရာဝန် (အဏုဇီဝဗေဒ) ၁ ယောက်၊ လက်ထောက်ဆရာဝန် ၃၈ ယောက်၊ သွားနဲ့ခံတွင်းဆရာဝန် ၁ ယောက်၊ သူနာပြုအုပ်ကြီး ၁ ယောက်၊ သူနာပြုဆရာမကြီး ၂ ယောက်၊ လက်ထောက်ကျန်းမာရေးမှူး ၈ ယောက်၊ ဆေးဘက်ကျွမ်းကျင် - ၂ (ဓာတ်မှန်) ၂ ယောက်၊ ဆေးဘက်ကျွမ်းကျင် - ၂ (ဆေးဝါး) ၁ ယောက်၊ ဌာနခွဲစာရေး ၂ ယောက်၊ အထက်တန်းသူနာပြု အယောက် ၂၀၊ သူနာပြု ၃၄ ယောက်နဲ့ သားဖွားဆရာမ ၃ ယောက်တို့ဟာ သြဂုတ် ၁၇ ရက်ကနေ စက်တင်ဘာ ၃ ရက်အတွင်း ရခိုင်ပြည်နယ်ကိုရောက်သွားကြပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။