နေပြည်တော် ကိုဗစ်-၁၉ ဓာတ်ခွဲစမ်းသပ်ခ ကောက်ခံသည့်နှုန်းထား ကြေညာ
DVB
·
September 6, 2020
နေပြည်တော်ကိုလာရောက်တဲ့ အများပြည်သူအတွက် ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာ စတင်ပြုလုပ်နေရာမှာ ဓာတ်ခွဲစမ်းသပ်ခ ကောက်ခံတဲ့ နှုန်းထားကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့ သတ်မှတ်ကြေညာလိုက်ပါတယ်။
အစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံဝန်ထမ်းတွေနဲ့ ပြည်သူ့ဝန်ထမ်းတွေအတွက် စမ်းသပ်ခ အခမဲ့နဲ့ စစ်ဆေးပေးသွားမှာပါ။
နေပြည်တော်အတွင်း နေထိုင်တဲ့ ပြည်သူတွေအတွက် ၁ ကြိမ် စမ်းသပ်ခ ၃ သောင်းကျပ်၊ တခြား တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ နေထိုင်သူ ပြည်သူတွေအတွက် ၁ ကြိမ် ဓာတ်ခွဲစမ်းသပ်ခ ကျပ် ၅ သောင်း ကောက်ခံဖို့ သတ်မှတ်ထားပါတယ်။
နေပြည်တော်ကို လာကြတဲ့ UN ဝန်ထမ်းတွေနဲ့ INGO အဖွဲ့အစည်းတွေက နိုင်ငံခြားသားတွေကို ၁ ကြိမ် စစ်ဆေးခ ၂ သိန်းကျပ် သတ်မှတ်ကောက်ခံသွားမှာပါ။
ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများမှ တရားဝင်ဖိတ်ကြားစာ ပါရှိသူ မည်သူမဆိုကို အခမဲ့ စမ်းသပ်စစ်ဆေးပေးသွားမှာပါ။
ဒါ့အပြင် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးနဲ့ အထူးကုဆေးရုံတွေဟာ အနီးဝန်းကျင်ဒေသတွေက ပြည်သူတွေ ဆေးကုသမှုခံယူရာ လွှဲပြောင်းဆေးရုံကြီးများအဖြစ် လက်ခံကုသပေးနေတာကြောင့် နယ်ဆေးရုံတွေက ဆရာဝန်တွေရဲ့ လွှဲပြောင်းစာနဲ့ ရောက်ရှိလာသူ လူနာတွေနဲ့ အရေးပေါ် ဆေးကုသမှုခံယူဖို့ နေပြည်တော် လာရောက်တဲ့လူနာတွေကို နေပြည်တော်အဝင်ဂိတ်တွေမှာ ခြွင်းချက်နဲ့ လူနာ၊ လူနာစောင့် ၂ ဦးကနေ ၃ ဦးအထိ ဝင်ရောက်ခွင့် ပြုမှာဖြစ်ပါတယ်။
ဆေးရုံတွေရှိ သီးခြားဆောင် (Isolated room) မှာ ထားရှိပြီး ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာ အခမဲ့စစ်ဆေးပေးတာ၊ လိုအပ်တဲ့ ဆေးကုသမှုပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရှိ ဓာတ်ခွဲခန်းတွေမှာလည်း ကိုဗစ်-၁၉ ဓာတ်ခွဲစမ်းသပ်ပေးရာမှာ ပြည်ပကို ကယ်ဆယ်ရေးလေယာဉ်နဲ့လိုက်ပါမယ့် မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ၊ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဟုမ်းကွာရန်တင်း နေထိုင်မယ့် နိုင်ငံခြားသားတွေအတွက် ၁ ကြိမ်လျှင် ဓာတ်ခွဲစမ်းသပ်ခ ကျပ် ၂ သိန်း၊ ပြည်ပကိုထွက်ခွာမယ့် သင်္ဘောသားတွေအတွက် ဓာတ်ခွဲစမ်းသပ်ခ ၁ ကြိမ်လျှင် ကျပ် ၁ သိန်း ကောက်ခံနေပါတယ်။
ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)