Homeမြန်မာသတင်း
တက္ကသိုလ်ရိပ်သာလမ်း အတိုင်ပင်ခံပုဂ္ဂိုလ်၏ အိမ်ခြံဝင်းကြီးကြပ်သူ ၁ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ
တက္ကသိုလ်ရိပ်သာလမ်း အတိုင်ပင်ခံပုဂ္ဂိုလ်၏ အိမ်ခြံဝင်းကြီးကြပ်သူ ၁ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ
DVB
·
September 6, 2020
ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းကို ကြီးကြပ်သူတဦးမှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အတည်ပြုပြောဆိုလိုက်ပါတယ်။
စက်တင်ဘာ ၆ ရက်နေ့ မနက် ၈ နာရီအချိန် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၆၆ ဦးရှိပြီး အဲဒီအထဲက ၂ ဦးဟာ ဗဟန်းမြို့နယ်က ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းကြီးကြပ်သူမှာ ရောဂါပိုးတွေ့တာကြောင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေနဲ့အညီ ဆောင်ရွက်မှာဖြစ်သလို သံသယရှိတဲ့ လူတိုင်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံခွင့်ရတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံမယ့်လူတိုင်း ကိုဗစ်-၁၉ စစ်ဆေးမှုတွေလုပ်ရမှာ ဖြစ်သလို ပိုးကင်းစင်မှ တွေ့ခွင့်ရမယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
ဒီပိုးတွေ့လူနာဟာ ကော့မှူးမြို့နယ်မှာ နေထိုင်သူဖြစ်သလို အသက် ၅၀ လောက်ရှိနေပြီး အတိုင်ပင်ခံရဲ့ခြံဝင်းကို ကြီးကြပ်သူတဦးလည်း ဖြစ်သလို ကော့မှူးကို တခါတလေ ပြန်တာရှိတယ်လို့ ပြောပါတယ်။