ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသူ ၁ဝ ဦး စစ်တွေဆေးရုံမှ ဆင်းခွင့်ရ
DVB
·
September 6, 2020
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလို့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ လူနာ ၁ဝ ဦး ၂ ကြိမ်ဆက် ရောဂါပိုးမတွေ့တော့တာကြောင့် စက်တင်ဘာ ၅ ရက်ညနေပိုင်းက ဆေးရုံက ဆင်းခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
စစ်တွေမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ဦးက “ဟုတ်ပါတယ်။ စစ်တွေဆေးရုံကြီးနဲ့ အခြားနေရာတွေမှာ ဆေးကုသမှုခံယူနေတဲ့ လူနာ ၂၇၅ ဦးထဲက ၁၀ ဦးရဲ့ စစ်ဆေးချက်များက Double Negative ဖြစ်တယ်။ ဆေးရုံတက်နေတာလည်း ၁၄ ရက်ပြည့်သွားပြီဖြစ်တဲ့အတွက် ဒီနေ့ ညနေပိုင်းမှာ ဆေးရုံက ဆင်းခွင့်ပြုသွားမှာဖြစ်တယ်။ သူတို့ကတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း နေအိမ်မှာ Home Quarantine ၁၄ ရက် ဆက်ထားသွားပြီး စောင့်ကြည့်သွားရပါဦးမယ်” လို့ DVB ကို အတည်ပြု ပြောကြားပါတယ်။
ဆေးရုံက ဆင်းခွင့်ရရှိသူတွေကတော့ အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား ၃ ဦးတို့ဖြစ်ကြပြီး အားလုံးကျန်းမာသွားကြပြီလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ သြဂုတ် ၁၆ ရက်နေ့ကနေ စက်တင်ဘာ ၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၅၀၉ ဦးရှိကာ စစ်တွေမြို့က ၂၇၅ ဦးနဲ့ အများဆုံးဖြစ်ပြီး စစ်တွေ ပြည်သူ့ဆေးရုံကြီးနဲ့ အခြားယာယီဆေးရုံတွေမှာ ဆေးကုသမှုပေးနေပြီး အဲဒီထဲက ၁ဝ ဦး ရောဂါပြန်လည်ကောင်းမွန်လာလို့ ဆေးရုံဆင်းခွင့်ပြုခဲ့တာပါ။
ကိုဗစ်-၁၉ လူနာတွေအတွက် လိုအပ်လာပါက တိုင်းရင်းဆေးရုံနဲ့ တက္ကသိုလ်ဟောင်းနေရာကိုပါ ကြိုပြင်ဆင်ထားတယ်လို့ သိရပါတယ်။
သတင်း- လင်းလက်၊ ဓာတ်ပုံ - Po Lar / MPA