Home
မြန်မာသတင်း
NLD ရွေးကောက်ပွဲကြေညာစာတမ်း၌ တပ်မတော်အပေါ် မကောင်းသည့်အချက် မပါဝင်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော  
DVB
·
September 4, 2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲကြေညာစာတမ်းပါ တပ်မတော်နဲ့ သက်ဆိုင်တဲ့ အခန်းကဏ္ဍတွေမှာ မကောင်းတဲ့အချက် မပါဝင်ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ အခုရက်ပိုင်းအတွင်းမှာ ထုတ်ပြန်ခဲ့တဲ့ အန်အယ်လ်ဒီပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ တပ်မတော်၊ ရဲတပ်ဖွဲ့တို့နဲ့ သက်ဆိုင်တာတွေကတော့ ကာကွယ်ရေးနဲ့ လုံခြုံရေးကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒီထဲမှာ တပ်မတော်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ နိုင်ငံနဲ့ နိုင်ငံသူ၊နိုင်ငံသားများကို ကာကွယ်ရန်၊ ပြည်သူယုံကြည်အားကိုးတဲ့ တပ်မတော်ဖြစ်ရန်၊ တပ်မတော်ဟာ ရွေးကောက်ခံ အစိုးရရဲ့ မူဝါဒအတိုင်းရပ်တည်ရန်တို့ ပါဝင်နေပါတယ်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအနေနဲ့ အန်အယ်လ်ဒီပါတီရဲ့ မူဝါဒအပါအဝင် တခြားနိုင်ငံရေးပါတီတွေရဲ့ တပ်မတော်အပေါ်ထားရှိတဲ့ သဘောထားတွေကို ခြုံငုံပြီး သုံးသပ်ပြောကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။ “ရွေးကောက်ပွဲကြေညာစာတမ်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဖတ်ရပါတယ်။ အဓိက ကတော့ လုံခြုံရေးဆိုင်ရာ ကဏ္ဍမှာ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ရေးထားတာ ဖြစ်တယ်။ ဒါကတော့ ပါတီတစ်ခုရဲ့ မူဝါဒပဲဖြစ်တယ်။ ဒီလိုပါပဲ ကျန်တဲ့ပါတီတွေမှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ၃၄ ပါတီတွေ့ဆုံတဲ့အခါမှာလည်း တချို့ပါတီတွေက တပ်မတော်နဲ့ ပတ်သက်ပြီး သူတို့ရဲ့မူဝါဒတွေကို ပြောခဲ့တာရှိပါတယ်။ ဘယ်လိုပဲပြောပြောဒါတွေက ပါတီတွေရဲ့ မူဝါဒတွေ ဖြစ်တယ်။ အန်အယ်လ်ဒီရဲ့ မူဝါဒတင်မကဘူး ကျန်တဲ့ပါတီတွေရဲ့ မူဝါဒတွေကို ကျနော်တို့လေ့လာတဲ့အခါမှာလည်း သူ့ရဲ့ ရည်မှန်းချက်ပေါ့၊ ရည်မှန်းချက်နဲ့ ပတ်သက်ပြီးတော့က ကျနော်မြင်ရသလောက်တော့ မကောင်းတာ မပါပါဘူး။ သူတို့ ရည်မှန်းချက် သည် ဘယ်လိုတည်ဆောက်မယ်။ ဘယ်လို လုပ်ဆောင်မယ်ဆိုတဲ့ ကောင်းတဲ့ဟာတွေပဲ ပါတယ်လို့ ကျနော်တော့မြင်ပါတယ်”လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၄ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့အစိတ်အပိုင်း၊ ပြည်သူလူထုရဲ့ အစိတ်အပိုင်းအဖြစ် ခံယူထားတဲ့အတိုင်း နိုင်ငံတော်နဲ့ ပြည်သူလူထုအကျိုးအတွက်ကိုပဲ ဦးတည်ပြီးဆောင်ရွက်တယ်လို့ လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ “တပ်မတော်အနေနဲ့ အတိတ်ကာလမှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေရော၊ ပစ္စပ္ပုန်ကာလမှာ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေရော၊ အနာဂတ်ကာလ မှာ လုပ်ဆောင်မယ့် လုပ်ဆောင်ချက်တွေရော အားလုံးဟာ အမြဲတမ်းသစ္စာလေးချက်မှာ သစ္စာဆိုထားတဲ့အတိုင်း နိုင်ငံတော်နဲ့ ပြည်သူလူထု၊နိုင်ငံတော်အတွက်ပဲ ဦးတည်တယ်ဆိုတာကို ကျနော်တို့ ပြောလိုပါတယ်” လို့  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ စာမျက်နှာ ၂၇ မျက်နှာပါဝင်တဲ့ အန်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နဲ့ သက်ဆိုင်တာပါဝင်တဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကဏ္ဍ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ တောင်သူလယ်သမားအရေး၊ အမျိုးသမီးနဲ့လူငယ် အစရှိတဲ့ ကဏ္ဍအစုံပါဝင်နေပါတယ်။ သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024