Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ကဗျာ ကျပ်သိန်း ၄၀၀ ကျော်ထိ လေလံဈေးရနေ
DVB
·
September 4, 2020
    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်တိုင်ရေးကဗျာစာ ရွက်တရွက်ကို ကျပ် ၅၄ သိန်းနဲ့ လေလံဈေးဖွင့်ထားခဲ့ရာမှာ ၄ ရက်အတွင်း သိန်း ၄၀၀ ကျော်အထိ ဈေးပေးသူတွေ ရှိနေပါတယ်။ ဒီအကြောင်းကိုတော့ လေလံပွဲ ဦးဆောင်သူတယောက်ဖြစ်တဲ့ အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုဖော်ပြထားပါတယ်။        “အမေစု လက်ရေးကဗျာစာရွက်ကို ၄ ရက်နေ့ မနက် ၀၉:၄၇ မိနစ်တွင် မိတ်ဆွေတဦးမှ ၄၀၅ သိန်း နဲ့ လေလံစျေးတိုးမြှင့်ပေးပါပြီ... နောက်ထပ် လေလံတိုးမြှင့်ပေးလိုသူ များအနေဖြင့် မူရင်းပို့စ် https://www.facebook.com/100002495768008/posts/3321845417908618/ သို့ သွားရောက်လေ့လာပြီး ကျွန်တော့် CB တွင်လာရောက် ထပ်မံတိုးမြှင့်ပေးနိုင်ပါတယ်။” ဒီလေလံပွဲကရရှိတဲ့ အကျိုးအမြတ်တွေအားလုံးကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးရန်ပုံငွေအနေနဲ့ လှူဒါန်းသွားမယ်လို့ သိရပါတယ်။     ဒီကဗျာစာရွက်ကတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးအတွက် ၂၀၁၁ ခုနှစ်တုန်းက ကဗျာပွဲတော်ကို ယူသွားဖို့ ကဗျာဆရာယောက်အနေနဲ့ တောင်းခံခဲ့တာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လက်ရေးနဲ့ ရေးသားပေးခဲ့တဲ့ ကဗျာဖြစ်တယ်လို့ ဆိုပါတယ်။     “30th June 2011 နေ့ ညနေပိုင်း ၄ နာရီလောက်က အမှတ် ၅၄ အိမ်ထဲမှာ အမေစု ကိုယ်တိုင်ပေးခဲ့တာပါ။ ထမင်းစားခန်းထဲမှာ တွေ့ရတာပါ။ ကန်တော့ခဲ့ပါသေးတယ်။ အပြင်မှာ ဦးဝင်းထိန်ရှိတယ်။”     ဒီစာရွက်လေလံအစီအစဉ်နဲ့ ပတ်သက်ပြီး ကိုမောင်မောင်အေးက ဩဂုတ် ၃၁ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုဖော်ပြထားပါတယ်။     “ကဗျာရေးထားတဲ့စာရွက်က ခြံအမှတ် ၅၄ Letterhead နဲ့… ဒီကဗျာလေးကို ကဗျာဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကနေပြီး NLD အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးမှာ စိတ်ကြိုက်သုံးစွဲဖို့ရံပုံငွေအဖြစ် လေလံတင်ရောင်းချပြီး တပြားမကျန် လှူဒါန်းပေးသွားဖို့ ဆက်သွယ်လာပါတယ်ခင်ဗျာ… ဒါကြောင့်မို့လို့ အခုချိန်ကနေစတင်ပြီး လာမယ့်စနေနေ့ (၅ ရက်နေ့) ညနေ ၉ နာရီအထိ လေလံကာလသတ်မှတ်ထားပြီး စျေးအမြင့်ဆုံး ပေးနိုင်တဲ့သူကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။”     စာရွက်ပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးမူနဲ့အတူ  ကဗျာဆိုတာ…  လူ့စဉ်းစားဉာဏ်ရဲ့ ပဲ့တင်သံ၊  လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ၊  လူ့စိတ်ဓာတ်ရဲ့ မြည်ဟီးသံ၊  လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ၊  ကဗျာဆိုတာ…  ကျမတို့ရဲ့ ရုန်းကန်သံပါပဲ။ လို့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။     ဒီစာရွက်လေလံဈေး ကို ကျပ် ၅၄ သိန်း ကြမ်းခင်းဈေးအနေနဲ့ သတ်မှတ်တာကတော့ ခြံအမှတ် ၅၄ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးကဗျာဖြစ်တဲ့အတွက် အမှတ်တရဖြစ်အောင် သတ်မှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။     ဝယ်ယူလိုသူတွေကိုတော့ မောင်မောင်အေးက သူ့ရဲ့ ပို့စ်အောက်မှာ ဖိတ်ခေါ်ထားတာ ဖြစ်ကာ စည်းကမ်းအနေနဲ့ စျေးတကြိမ်တိုးတိုင်း ၁ သိန်းနဲ့အထက် သိန်းဂဏန်းအတိသာ တိုးခွင့်ပြုသွားမယ်လို့လည်း ဖော်ပြထားပါတယ်။        လက်ရှိမှာတော့ REDs Vote NLD အမည်နဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတခု ဖွင့်လှစ် ထားခဲ့ပြီဖြစ်ကာ လေလံကို အခုလာမယ့် စက်တင်ဘာလ ၅ ရက်နေ့ည ၉ နာရီအတိမှာ Live စျေးပြိုင်စနစ်နဲ့ ပိတ်သိမ်းမှာဖြစ်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024