Home
မြန်မာသတင်း
ဧရာဝတီတိုင်း အန်အယ်လ်ဒီပါတီတာဝန်ရှိသူများအား အရေးယူပေးရန်တောင်းဆို
DVB
·
September 4, 2020
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)  ပါတီတာဝန်ရှိသူ တွေကို အရေးယူပေးဖို့ ပါတီတာဝန်မှ ရပ်နားခံခဲ့ရတဲ့ မြောင်းမြမြို့နယ်  အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင်ဟောင်းတွေက တောင်းဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၃ ရက်နေ့က မြောင်းမြမြို့ရှိ မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပယ်ခံခဲ့ရတဲ့ မြို့နယ်အလုပ် အမှုဆောင်တွေက တောင်းဆိုခဲ့တာပါ။ ပါတီတာဝန်မှ ရပ်နားခံခဲ့ရတဲ့ မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဟောင်း ဦးဝင်းမောင်က  "ကျနော်တို့ရဲ့ ခေါင်းဆောင်အမေ ဒေါ်အောင်ဆန်းစုကြည် ဒီအဖြစ်တွေကိုသိပြီးအမှန်တရားကို ဖော်ထုတ်ပေးနိုင်ဖို့ ပါတီဝင်တွေကို ထုတ်ချင်တိုင်း ထုတ်နေတဲ့ တိုင်းဒီ/ချုပ်က တာဝန်ရှိသူ‌တွေကို အရေးယူစေချင်လို့ အခုလိုရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်ပါတယ်" လို့ ‌ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲပြုလုပ်ရတာနဲ့ပတ်သက်ပြီး ပါတီရဲ့ ဂုဏ်သိက္ခာ မြို့ရဲ့ဂုဏ်သိက္ခာ ပြီးတော့ ကျနော်တို့ အလုပ်အမှုဆောင်တွေရဲ့ ဂုဏ်သိက္ခာ ပါတီတာဝန်‌တွေကနေရပ်နားခံခဲ့ရတဲ့ ကျနော်တို့ရဲ့ ဂုဏ်သိက္ခာတွေအတွက် သူတို့ပြောသလို သူတို့ဆုံးဖြတ်သလို မဟုတ်ဘူးဆိုတာ ပါတီဝင်တွေနဲ့ မြို့က ပြည်သူတွေကို ချပြချင်လို့ လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးဘိုဖြူ (ခ) ဦးစိုးမင်းနဲ့ အတွင်းရေးမှူး ဦးဝင်းမောင်တို့ကို ဧရာဝတီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ရဲ့ တိုင်ကြားစာအရ သြဂုတ် ၂၃ ရက်နေ့က ကျင်းပခဲ့တဲ့ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ သြဂုတ် ၂၈ ရက်မှာ ပါတီတာဝန်တွေက ရပ်ဆိုင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ "အာဏာရှင်ကို မကြိုက်လို့ ပြည်သူကို ဗဟိုပြုတဲ့စနစ်ကိုကြိုက်လို့ အမေတည်ထောင်တဲ့ ပါတီကို ကျနော်တို့ဝင်ရောက်ခဲ့ကြတာ အခုတော့ကျနော်တို့ကို တိုင်ကြားလို့ပါတီ တာဝန်တွေကနေ ရပ်ဆိုင်းတယ်တဲ့။ ပြောချင်တာကဗျာ ပြစ်မှုတခု အပြင်မှာဖြစ်ရင်တောင် တရားလိုရဲ့စွပ်စွဲချက်ကို တရားသူကြီးဆီကို တင်ရတယ်။ တရားစွဲခံရတဲ့ တရားခံဘက်ကလည်း ဖြေရှင်းချက် လျောက်လဲ ချက်ပေးရတဲ့ ရပိုင်ခွင့်လေး‌တွေတော့ ရှိသင့်တာပေါ့ဗျာ။ ခုတော့ ၂၁ ရက်နေ့က တိုင်ကြားလို့ ၂၃ မှာ စိစစ်ပြီး ၂၈ ရက်နေ့မှာ ထုတ်ပြန်လိုက်တယ်ဆိုတော့ဗျာ ကျနော်တို့ တိုင်းအဆင့်ဒီ/ချုပ် တာဝန်ရှိသူ အကြီးအကဲတချို့မှာ အာဏာရှင် တကျော့ပြန်လာပြီလား မေးခွန်းထုတ်စရာဖြစ်လာပြီ" လို့ ပါတီတာဝန်မှရပ်နားခံခဲ့ရတဲ့ မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဟောင်း ဦးဝင်းမောင်က ‌ပြောပါတယ်။ ပါတီတာဝန်တွေက ရပ်နားခြင်းခံခဲ့ရသူ ဦးဘိုဖြူ(ခ)ဦးစိုးမင်းမှာ မြောင်းမြမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာအတွက် ဝင်ရောက်လျှောက်ထားခဲ့ပြီး ဦးစားပေး(၁) အဖြစ်လည်း‌ကောင်း၊ ဦးဝင်းမောင်မှာ ဦးစားပေး (၂) အဖြစ်လည်းကောင်း လျာထားခံခဲ့ရသူတွေ ဖြစ်ကာ ပါတီဗဟိုရဲ့ အပြီးသတ်ရွေးချယ်မှုမှာ ပယ်ဖျက်ခံခဲ့ရသူတွေဖြစ်ပါတယ်။  အခုလို ပါတီ တာဝန်တွေ ထပ်မံအရပ်နားခံရတဲ့အပေါ် တရားမျှတမှုမရှိဘူးလို့ လည်း ပြော ဆိုပါတယ်။ ‌မြောင်းမြခရိုင်မှာ ဇူလိုင်လ ၂ ရက်နေ့ကလည်း ဝါးခယ်မမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကိုလည်း  ပါတီတာဝန်မှရပ်နားတာနဲ့ ထုတ်ပယ်တာတွေ  ပြုလုပ်ခဲ့ပါသေးတယ်။ ဩဂုတ်  ၁၄ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌနဲ့ မြောင်းမြမြို့နယ် ကိုယ်စားလှယ်လောင်းတွေ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့နဲ့ တွေ့ဆုံပွဲမှာလည်း ဧရာဝတီတိုင်း အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌကို အယုံအကြည်မရှိဟု ဆိုကာ နုတ်ထွက်သူ တချို့လည်း ရှိခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲကနေ  သိရပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ-ဘိုဘို(ဧရာဝတီတိုင်းမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024