မန္တလေးတိုင်း မုဒိမ်းမှုထက်ဝက် အသက်မပြည့်သေးသူများ ကျူးလွန်ခံရ
DVB
·
June 20, 2013
အခုနှစ် ဇန်န၀ါရီလကနေ ဇွန်လလယ်အထိ မန္တလေးတိုင်းအတွင်းမှာ မုဒိမ်းမှု ၃၁ မှု ဖြစ်ပွားခဲ့ပြီး ၁၅ မှုဟာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေ အတင်းအဓမ္မ ပြုကျင့်ခံရမှု ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၁၂ တုန်းကလည်း မုဒိမ်းမှု ၆၀ ဖြစ်ပွားခဲ့ပြီး ၃၁ မှုဟာ အရွယ်မရောက်သေးသူတွေကို ပြုကျင့်ခံရမှု ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ စာရင်းအရ မုဒိမ်းမှု ၂ မှု ဖြစ်တိုင်း ၁ မှုဟာ အရွယ်မရောက်သေးသူတွေအား အတင်းအဓမ္မပြုကျင့်ခံရမှု ဖြစ်ပြီး မကြာသေးမီက ရန်ကုန်တိုင်းအတွင်း ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားဖော်ပြချက်နဲ့ ရာခိုင်နှုန်း အတူတူပဲ ဖြစ်ပါတယ်။
ဒီအတွက် ဥပဒေပြု လွှတ်တော်အမတ်တွေ၊ အစိုးရတာဝန်ရှိသူတွေအနေနဲ့ လိုအပ်တဲ့ ကာကွယ်မှုတွေ၊ပညာပေးမှုတွေ လိုနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တသီးပုဂ္ဂလ လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။