မြင်းခြံမြို့က လူနာအမှတ် ၇၈၈ နှင့် ထိတွေ့ခဲ့သည့် ပုဂ္ဂလိက ဆေးရုံဝန်ထမ်းတွင် ပိုးတွေ့ရှိ

မြင်းခြံမြို့က လူနာအမှတ် ၇၈၈ နဲ့ ထိတွေ့ခဲ့တဲ့ ပုဂ္ဂလိက ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း ဆရာမ တစ်ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတယ်လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကနေ သိရပါတယ်။ “ပိုးတွေ့ခဲ့သူဟာ မြင်းခြံကလူနာတက်ခဲ့တဲ့ မင်္ဂလာဆေးရုံက ဆရာမပါ။ သူက Hotel Quarantine ဝင်နေတာပါ။”လို့ မန္တလေး ဆေးရုံအုပ်ကြီးက ပြောပါတယ်။ ပိုးတွေ့လူနာ အမှတ် ၇၈၈ ကတော့ သြဂုတ် ၁၈ ရက်က လေကြောင်းလိုင်းနဲ့ ရန်ကုန်မြို့ကို တစ်ရက်ကြာသွားရောက်ခဲ့ပြီး သြဂုတ် ၁၉ ရက်မှာ လေကြောင်းနဲ့ပဲ မန္တလေးမြို့ တံတားဦးလေဆိပ်ကနေ မြင်းခြံကို ပြန်ခဲ့သူဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်မှာ ဖျားနာလာတဲ့အတွက် မြင်းခြံမြို့က ဆေးခန်း ၃ ခုမှာ ဆေးကုခဲ့ပေမဲ့ မသက်သာတဲ့အတွက် သြဂုတ် ၃၀ ရက်မှာ မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံတစ်ရုံမှာ တက်ရောက်ကုသခဲ့ပါတယ်။ အဲ့ဒီနောက် ပုဂ္ဂလိကဆေးရုံက စစ်ဆေးတာတွေပြုလုပ်ကာ သံသယလူနာအဖြစ် သတ်မှတ်ပြီး မန္တလေးအထွေထွေရောဂါ ကုဆေးရုံကို လွှဲပြောင်းခဲ့ပြီးနောက် သြဂုတ် ၃၁ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ အဲ့ဒီနောက် သူတက်ခဲ့တဲ့ ပုဂ္ဂလိက ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတွေကို Quarantine ထားခဲ့ပြီး နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်ရယူ  စစ်ဆေးရာမှာ ဆရာမတစ်ဦး ပိုးတွေ့ရှိခဲ့ပါတယ်။ အခုလက်ရှိမှာ လူနာအမှတ် ၇၈၈ နဲ့ ထိတွေ့ခဲ့တဲ့ ဇနီး၊ သား၊ မန်နေဂျာ၊ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း လူ ၄ ဦးအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပါတယ်။  မန္တလေးမှာတော့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူပေါင်း ၁၁ ဦးအထိရှိပြီဖြစ်ကာ ဆေးရုံတက်နေသူ ၇ ဦး ရှိပါတယ်။ သတင်း- နိုင်လင်းဦး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up