Home
မြန်မာသတင်း
ရာထူးက ဖြုတ်ချခံရသည့်ဖြစ်စဉ် မဲဆွယ်ပေးသလိုဖြစ်နေဟု  ဦးအယ်လ်ဖောင်းရှိုပြော
နော်နိုရင်း
·
September 3, 2020
အခုလက်ရှိဖြစ်ပျက်နေတဲ့  ဖြစ်တည်မှုက ကျနော်ကို မဲဆွယ်ပေးလိုက်တယ်လို့ ယုံကြည်ထားတယ်လို့ ဝန်ကြီးချုပ်တာဝန်ကနေ ရပ်စဲခံလိုက်ရတဲ့ ဦးအယ်လ်ဖောင်းရှိုက ပြောကြားလိုက်ပါတယ်။  ကယားပြည်နယ်လွှတ်တော်က အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တင် မဲခွဲဆုံးဖြတ်လိုက်ပြီး နောက် ဝန်ကြီးချုပ်တာဝန်ကနေ ရပ်စဲခံလိုက်ရတာနဲ့ ပတ်သက်လို့  ဦးအယ်လ်ဖောင်းရှိုက ဒီကနေ့ လွိုင်ကော်အခြေစိုက် သတင်းသမားတွေနဲ့ တွေ့ဆုံစဉ်ပြောကြားလိုက်တာပါ။   “ဒီဖြစ်စဉ်ဖြစ်သွားတာက အမှားလား၊ အမှန်လား၊ ရိုးသားလား၊ မရိုးသားဘူးလား အဖြေက ရှင်းနေတယ်။ အမှားနဲ့ အမှန်ရှင်းနေတယ်။ ဘယ်သူက နိုင်ထက်စီးနင်းလုပ်နေတာလဲ။  ငါလုပ်ခွင့်ရှိ လို့ ငါလုပ်လိုက်မယ်ဆိုတဲ့ ပုံစံမျိုးလား။ ဒါမှမဟုတ် တကယ့်နည်းမှန်လမ်းမှန်သွားတဲ့ ပုံစံမျိုးနဲ့ အဲဒီ လမ်းကြောင်းကို သူတို့ရွေးချယ်ပြီးအဲလမ်းကို သွားနေတာလား။ တကယ်အကျိုးပြုနေလား။ ပြည်သူတွေက အဖြေသိတယ်။ လွှတ်တော်မှာ live လွှင့်ထားတာရှိတယ်။ အဖြေကို ပြည်သူက ကွက်ကွက်ကွင်းကွင်းသိတယ်။ အဲဒီအဖြေအပေါ် မူတည်ပြီး ပြည်သူတွေက ဘယ်သူကအမှန်တရား ကို ဖော်ဆောင်တယ်ဆိုတဲ့ အဖြေကို သူတို့ သိထားပြီးသားဖြစ်တဲ့ အတွက်ကြောင့် ရွေးကောက်ပွဲမှာ ကျနော့်ကို မဲဆွယ်ပေးသလိုဖြစ်တယ်။ ကျနော်တို့ နိုင်ငံအတွက် ဒီဖြစ်စဉ်ကြီးက နိုင်ငံမှာ လိုအပ်နေ တဲ့ လိုအပ်ချက် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း၊ ပြီးရင် အမှန်တရားက ဘယ်လိုမျိုးလဲ၊ အမှားကိုလုပ်နေတဲ့ လူတွေက ဘယ်သူတွေလဲ၊ ဘယ်လိုပုံစံမျိုးလဲ မျက်ဝါးထင်ထင်တွေ့ခွင့်ရ လိုက်တဲ့ အတွက်ကြောင့် ရွေးကောက်ပွဲဟာ မှန်ကန်တဲ့ လူတွေအတွက် ရပ်တည်ပေးနဲ့ ရလဒ်ကောင်းမျိုး သင်ခန်းစာကောင်းရမယ်လို့ ကျနော်ပြောခြင်းဖြစ်တယ်”လို့ ဦးအယ်လ်ဖောင်းရှိုက ပြောပါတယ်။ တာဝန်က ရပ်စဲခံရပြီးနောက် ဦးအယ်လ်ဖောင်းရှိုအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ   လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်ရှိနေမှာ ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း  မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)ကနေ ပြည်နယ်လွှတ်တော်အတွက်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ “ရှေ့ဆက်ပြီးမှ အကောင်းဆုံးမျှော်လင့်ထားတဲ့ လူတစ်ယောက်အနေနဲ့  အကောင်းဆုံး  ဆက်လုပ်မယ်။ ရွေးကောက်ပွဲအတွက်လည်း အကောင်းဆုံး အောင်အောင်မြင်မြင်နဲ့ ပါတီရဲ့ မူအတိုင်း ကြိုးပမ်းဆောင်ရွက်သွားနိုင်အောင် အင်နဲ့အားနဲ့ ဝါယမ စိုက်ထုတ်ပြီးမှ ဆက်လက် ကြိုးပမ်း အကောင်အထည်ဖော်မယ်။ ဒီလက်ရှိကြိုးပမ်းဆောင်ရွက်ထားတဲ့ တိုးတက်မှုအရွေ့တခုရဲ့ ခွန်အားကို ယူပြီးမှ ဒီခွန်အားတွေနဲ့ ကျနော်တို့ရဲ့ ပြည်သူတွေရဲ့ လက်ကိုတွဲပြီး ဆက်ပြီး ချီတက်မယ်ဆိုတာ ပြောချင်ပါတယ်။” ဦးအယ်လ်ဖောင်းရှိုက ပြောပါတယ်။ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ရာထူးတာဝန်ကနေ ရပ်စဲလိုက်ပြီး   စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို အား ခေတ္တဝန်ကြီးချုပ် တာဝန်ပေးလိုက်တယ်လို့ နိုင်ငံတော်သမ္မတက ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌထံ ဒီကနေ့ အကြောင်းပြန်ကြားလိုက်ပါတယ်။  အန်အယ်လ်ဒီအစိုးရ သက်တမ်းအတွင်းမှာ ပြည်နယ်ဝန်ကြီးချုပ် တစ်ဦးကို ပြည်နယ်လွှတ်တော်ကနေ  အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တင်ပြီး ပထမဆုံးအကြိမ်  ရာထူးကနေ ရပ်စဲခဲ့တာ ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024