အလုံသစ်တောလမ်းရှိ ကိုဗစ်-၁၉ လူနာအမှတ် ၁၀၁၆ ၏ နေအိမ်ကို Lockdown ချထား
DVB
·
September 3, 2020
ကိုဗစ်-၁၉ လူနာအမှတ် ၁၀၁၆ ဟာ ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ အလုံသစ်တောလမ်းမှာ နေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ်အမျိုးသမီး တစ်ဦးဖြစ်ပြီး ပြည်ပခရီးသွားရာဇဝင်မရှိသလို အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိဘဲ ရောဂါကူးစက်ခံရတာ ဖြစ်ပါတယ်။
နေမကောင်းတဲ့အတွက် မြို့နယ်ကျန်းမာရေးဌာနကို သွားရောက်ပြသရာကနေ သံသယလက္ခဏာရှိတဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး စောင့်ကြည့် လူနာအဖြစ် ထားရှိခဲ့တာလို့ အလုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက ပြောပါတယ်။
လူနာအမျိုးသမီးဟာ သူအပါအဝင် မိသားစုဝင် ၄ ဦးနဲ့အတူနေထိုင်တာဖြစ်ပြီး သူနဲ့ သူ့ရဲ့ ခင်ပွန်းဖြစ်သူတို့ကို ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ စစ်ဆေးခဲ့ရာမှာ သူတဦးတည်းသာ ပိုးတွေ့ရှိတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ သူ့ရဲ့ နေအိမ်ကို lockdown ပြုလုပ်ထားကာ မိသားစုဝင်တွေကိုလည်း ကွာရန်တင်းစင်တာသို့ ပို့ဆောင်ပြီး အသွားအလာကန့်သတ် စောင့်ကြည့်ထားဖို့ရှိပါတယ်။ အဆိုပါ လူနာနဲ့ ထိတွေ့မိသူတွေကိုလည်း သက်ဆိုင်ရာက လိုက်လံ စုံစမ်းနေတယ်လို့ သိရပါတယ်။
သတင်း - နူးရာ